ငါန်းဇွန်မြို့နယ်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

By ဓါတု (မဇ္ဈိမ)
01 December 2023
ငါန်းဇွန်မြို့နယ်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မိုးထောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်ခိုင်သည် ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အသက် ၄၀ ဝန်းကျင်အရွယ် ဦးသက်ခိုင်သည် ငါန်းမြားကြီးကျေးရွာ အနီးရှိ နဒီဧရာလက်ဖက်ရည်ဆိုင်တွင် သေနတ်ငါးချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည် 

"သူကအမာခံ ဒလန်(သတင်းပေး) အကြီးစား၊ မိုးထောင်ကျေမှာ သူကအဓိကပဲ၊ အာဏာသိမ်းပြီး စစ်တပ်ကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးပါ"ဟု အမည်မဖော်လိုသော မိုးထောင်ကျေးရွာခံ တဦးက ပြောသည်။

မိုးထောင်ကျေးရွာအုပ်စုတွင် မိုးထောင်၊ ရွာမ၊ ကျောင်းမြောက်ရွာ၊ လယ်ကျင်ဦး၊ ဒုံဒင်နှင့် ရွာသာအေး စသဖြင့် ကျေးရွာခြောက်ရွာရှိပြီး ဦးသက်ခိုင်သည် ထိုကျေးရွာတို့၏ အုပ်ချုပ်ရေးမှူး ဖြစ်သည်။

ငါန်းဇွန်တပ်ရင်း (၆)၊ တပ်ခွဲ (၁) နောင်ရိုးတာဝန်ခံ ဦးဆံရှည်ကမှု ဦးသက်ခိုင်သည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်သည့် ပျူစောထီးခေါင်းဆောင်တဦးဖြစ်၍ ၎င်းတို့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

“လက်နက်ကိုင်တဲ့ ပျူစောထီးခေါင်းဆောင်မို့လို့ ရှင်းရတာ၊ လက်နက်လည်း လက်ဝယ်တွေ့တယ်” ဟု ဦးဆံရှည်က ပြောသည်။ 

၎င်းထံမှ ပွိုင့်တူးတူး သေနတ်တလက်၊ လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ငွေကျပ် ၁၂၀,၀၀၀၊ ဖုန်းတလုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဆိုသည်။

ပစ်သတ်ခံရသော ဦးသက်ခိုင်၏ ရုပ်အလောင်းအား အခင်းဖြစ်ပြီး နှစ်နာရီ အကြာတွင် ငါန်းဇွန်မြို့မြောက်ဘက်ရှိ ငါန်းမြှာကြီး မြို့မရဲစခန်းမှ ရဲ ငါးဦးက လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဦးသက်ခိုင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကလည်း သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရ၍  ဆေးကုသမှုခံယူခဲ့ရပြီးနောက် ကျေးရွာတွင် ပြန်လည်နေထိုင်နေစဉ် ဒုတိယအကြိမ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ- ဦးသက်ခိုင်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်ပုံ
စာတည်း။   ။ နောင်နောင်

#Mizzima
#ငါန်းဇွန်
#အုပ်ချုပ်ရေးမှူး
#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly