နိုင်ငံလိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်၍ ပို့ကုန်နည်းပါးဟု စစ်ကောင်စီခေါင်းဆောင်ပြော

By 001(မဇ္စျိမ)
01 December 2023
နိုင်ငံလိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်၍ ပို့ကုန်နည်းပါးဟု စစ်ကောင်စီခေါင်းဆောင်ပြော

ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေမှာ ပို့ကုန်ထက် သွင်းကုန်ပိုများနေသဖြင့် လိုငွေပြနေပြီး ပို့ကုန်နည်းပါးရခြင်းမှာ နိုင်ငံ၏ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ အလုပ်မလုပ်သည့်အတွက်သာ ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ပြောသည်။

“မိမိတို့နိုင်ငံအနေဖြင့် လုပ်ကိုင်စားသောက်နိုင်မည့် ရေမြေသယံဇာတနှင့် ရာသီဥတုတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အလုပ်ကို ဖိဖိစီးစီးဆောင်ရွက်မှုမရှိသောကြောင့် ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့ခြင်းဖြစ်သည်” ဟု စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများထက် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) နည်းပါးလျက်ရှိသည်ကို တွေ့ရပြီး အလုပ်လုပ်မှ GDP တိုးတက်မည်ဟု ၎င်းက ဆိုသည်။

ကုန်ထုတ်လုပ်မှုများနှင့် ပတ်သက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရတက်လာချိန်တွင် ယခင်က ဆောင်ရွက်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆက်လက်လည်ပတ်ရန် အားပေးမှုမရှိခြင်း၊ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခြင်းနှင့် ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းမှုဖြစ်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ထို့ကြောင့် ကုန်ထုတ်လုပ်မှုများကို အားပေးရမည်ဖြစ်ပြီး ကောင်စီဝင်များအနေဖြင့်လည်း တာဝန်ယူထားသည့် နယ်မြေဒေသများကို ရောက်ရှိချိန်တွင် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲပြောဆိုမှုများလည်း ထပ်မံပြုလုပ်ခဲ့ကာ စစ်ကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီးလည်း တိုင်းရင်းသားလက်နက်အဖွဲ့အချို့ကို ဝေဖန်ပြောဆိုမှုများလည်း ပြုလုပ်သွားခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကိုအကြောင်းပြုပြီး နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF များကို သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်းတို့ကို လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ဟု ၎င်းကပြောသည်။

ရက္ခိုင့်တပ်တော်( AA )အနေဖြင့်လည်း သစ္စာမရှိဘဲ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့နှင့် ဖြစ်ပွားသည့် ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်းရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် TNLA ၊ KIA ၊ AAအဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ ဒရုန်းပညာရှင်များ စုပေါင်းအင်အား ၆,၅၀၀ ခန့်ပါဝင်ခဲ့ကြောင်း  စစ်ကောင်စီခေါင်းဆောင်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သာလွန်အင်အားများ၊ နည်းပညာသာလွန်မှုအသုံးချ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး Drop Bomb အလုံးပေါင်း ၂၅,၀၀၀ ကျော်၊ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးအလုံး ၁၂၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။

"ဝ"တပ်ဖွဲ့ UWSA ကိုလည်း ၁၉၈၉ ခုနှစ်တွင် ဝဒေသကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့ပြီး ရိက္ခာဖူလုံမှုမရှိသည့် ဝဒေသအတွက် လိုအပ်သည့် ဆန်များကို စဉ်ဆက်မပြတ်ထောက်ပံ့ခဲ့ရသော်လည်း လွန်ခဲ့သည့် ၁၀ စုနှစ်မှစပြီး ဝဒေသသည် သိသိသာသာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ခေတ်မီမြို့ပြအဆင့်သို့ပင် ရောက်ရှိခဲ့ကာ ထိုသို့တိုးတက်လာမှုနှင့်အတူ ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

ထို့အပြင် စစ်ကောင်စီခေါင်းဆောင်က KIA ၊ KNU ၊ MNDAA၊ TNLA ၊ KNPP၊ KNDF စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်ခံရမှုများအပြင် စစ်ကောင်စီအား တိုက်ခိုက်မှုများ၊ လက်နက်ကိစ္စများ၊ PDF များကို သင်တန်းပေးသည့် ကိစ္စတို့နှင့် ပတ်သက်ပြီး ဝေဖန်မှုများပြုလုပ်ခဲ့သကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် ကရင်နီပြည်နယ်သို့ ပို့ဆောင်မည့် လက်နက်များမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နယ်မြေမှတဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း ငွေကြေးဖောင်းပွမှုများ၊ ကုန်သွယ်ရေး ကျဆင်းမှုများ ရှိနေသည့်အပြင် လက်ရှိတွင် နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားမှုများ ပိုမိုကျယ်ပြန်လာချိန်တွင် စစ်ကောင်စီခေါင်းဆောင်အနေဖြင့် အဆိုပါ ကဏ္ဍများအပေါ်တွင် အပြစ်တင်ပြောဆိုမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required