ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ပြည်ပဒရုန်းပညာရှင်တွေပါဝင်နေတယ်လို့  စစ်ကောင်စီပြော

By မဇ္ဈိမ 
01 December 2023
ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ပြည်ပဒရုန်းပညာရှင်တွေပါဝင်နေတယ်လို့  စစ်ကောင်စီပြော

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ တပ်စခန်းတွေ လက်လွတ်ခဲ့ရတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက် စစ်ကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ ပြည်ပ ဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြုပြီး သာလွန်အင်အားနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်ခံနေရတာကြောင့် တပ်စခန်းတွေကနေ စွန့်ခွာပေးနေရကြောင်းစစ်ခေါင်းဆောင် က နေပြည်တော် ဝန်ခံပြောကြားထားတာဖြစ်ပါတယ်။

စစ်ကောင်စီ စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) တို့က ကိုးကန့်အဖွဲ့ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပူးပေါင်း တိုက်ခိုက်နေပြီး ဒီတိုက်ခိုက်မှုတွေမှာ ပြည်ပက ဒရုန်းပညာရှင်တွေလည်း ပါဝင်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ဒါပေမဲ့ ပြည်ပဒရုန်းပညာရှင်တွေနဲ့ ပတ်သက်လို့ တိတိကျကျ ထည့်မပြောသွားပါဘူး။
MNDAA ပြန်ကြားရေး တာဝန်ရှိသူ လီကျားဝင်းကတော့ စစ်ဆင်ရေးအတွင်း ပြည်ပ ဒရုန်းပညာရှင်တွေ ပါဝင်တယ်ဆိုတဲ့ ကိစ္စကို ငြင်းဆိုထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေဟာ ငြိမ်းချမ်းရေးကို အမြတ်ထုတ်နေတယ်လို့ လည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နောက်ကွယ်မှာ အင်အားစုစည်းတာ၊ လက်နက်ခဲယမ်းတွေကို အပြိုင်အဆိုင် တည်ဆောက်ထုတ်လုပ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေကို သင်တန်းပေးတာနဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချပေးနေတယ်လို့ အဲ့ဒီအစည်းအဝေမှာပဲ ပြောကြားခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA၊ UWSA၊ KNU၊ MNDAA၊ TNLA၊ AA၊ KNPP/KNDF တွေရဲ့ နောက်ခံအကြောင်းအရာတွေနဲ့ လတ်တလော ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းမြောက်တိုက်ပွဲတွေအတွင်း MNDAA အသုံးပြုနေတဲ့ ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ်တွေဖြစ်ပြီး ဈေးကွက်အတွင်း အလွယ်တကူဝယ်လို့ရနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ စစ်ဆင်ရေးတစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော်ကို သိမ်းယူထားသလို ကွမ်းလုံ၊ မုံးကိုး၊ နမ့်ခမ်း၊ ချင်းရွှေဟော်မြို့တွေနဲ့ ပန်ဆိုင်း (ကြူကုတ်) ၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်၊ ဖောင်းဆိုင်ဒေသ၊ နမ့်စလပ်ဒေသတွေကို ထိန်းချုပ်ထားပါတယ်။

စစ်ရေးနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ ဒေသအချို့ကို စစ်ကောင်စီကလက်လွှတ်လိုက်ရတာဖြစ်ပါတယ်။မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တစ်နေ့တခြား အရှိန်မြင့် လာတာနဲ့အတူ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတချို့လည်း ပြတ်တောက်နေတာဖြစ်ပါတယ်။ 

စစ်ဆင်ရေး တစ်လပြည့်ဖို့ နှစ်ရက်အလို နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ MNDAA၊ TNL နဲ့ AA တို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံပိုင် မီဒီယာတွေ ကနေ စွပ်စွဲပြောဆိုလိုက် ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ နောင်ချို၊ လားရှိုး၊ မန်တုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ ကျောက်မဲ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly