နယ်စပ်က မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း

By မဇ္ဈိမ 
01 December 2023
နယ်စပ်က မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း

ကရင်နီဒေသကနေ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအစိုးရ အာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့တာကြောင့် ဒါကို ရပ်တန့်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။

ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်ထောင်နဲ့ချီကို ထိုင်းနိုင်ငံက မြန်မာဘက်ကို အတင်း ပြန်နှင်ထုတ်နေတဲ့အတွက် ဒုက္ခသည်တွေ အသက်ဘေးရင်ဆိုင်ရမယ့် အခြေအနေဖြစ်နေတယ်လို့ Human Rights Watch အဖွဲ့က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ HRW က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဇူလိုင်လတုန်းက ကရင်နီနယ်အပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲ ဝင်ရောက်ခိုလှုံသူ ၉၀၀၀ လောက်ရှိခဲ့ပြီး သူတို့ကို ထိုင်းအစိုးရက ယာယီခိုလှုံခွင့် ပြုထားခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကိုထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက အောက်တိုဘာလလောက်ကစပြီး ပြည်တွင်းပြန်ခိုင်းနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အန္တရာယ် ကျရောက်မယ့်အခြေအနေ ကြုံနေရ တယ်လို့ HRW ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းစစ်တပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ ကရင်နီပြည်နယ်ထဲကို အတင်းအကျပ်ပြန်သွားခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ရှိခဲ့ကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်အထိ မယ်ဟောင်ဆောင်ခရိုင်ထဲကို ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂,၃၈၇ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာ ဒုက္ခသည်တွေကို ဘေးအန္တရာယ်ရှိတဲ့ ဒေသကို တွန်းပို့နေတာ ရပ်တန့်ပြီး၊ ထိုင်းနိုင်ငံမှာ အကာအကွယ်ရှာဖွေဖို့ ခွင့်ပြုသင့်တယ်လို့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး အီလိန်း ပီရာဆန်က တိုက်တွန်းလိုက်ပါတယ်။

အဲဒီလို အတင်းအကျပ် နေရပ်ပြန်ခိုင်းခံရတဲ့ ဒုက္ခသည်တွေဟာ ရက်ပိုင်းလောက်အတွင်းမှာပဲ ထိုင်းနိုင်ငံဘက် ပြန်ရောက်လာတာကိုကြည့်ရင် မြန်မာနိုင်ငံမှာ သူတို့ လုံခြုံရေးအတွက် ကြောက်ရွံ့နေရတာကို ပြသနေတယ် လို့လည်း သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့အထိ ထိုင်းစစ်တပ်က မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အတင်းနှင်ထုတ်ခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
ဒါပေမဲ့ ကရင်နီဒေသအပေါ် မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဖက်ကို ပြန်ထွက်ပြေးလာကြသူ အရေအတွက်ဟာ နိုဝင်ဘာ ၂၇ ရက်အထိ ၂၄၀၀ နီးပါး ရှိတယ်လို့ ထောက်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ကိုးသောင်းလောက်ကို ဒုက္ခသည်စခန်း ကိုးခုမှာ လက်ခံထားခဲ့တာဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းချိန်မှာတော့ နောက်ထပ် ဒုက္ခသည် လေးသောင်းခွဲလောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေဆီကို နယ်စပ်ဖြတ်ကျော်အကူအညီတွေ ပံ့ပိုးပေးသင့်ပြီး မယ်ဟောင်ဆောင်ခရိုင်နဲ့ နယ်စပ်တစ်လျှောက်မှာ ယာယီခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးသင့်တယ်လို့လည်း HRW က တိုက်တွန်းထားပါတယ်။

လတ်တလော ကရင်နီ (ကယား) ပြည်နယ်မှာတော့ လူဦးရေ ၃ သိန်းနီးပါးရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၂ သိန်းခွဲနီးပါး ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီရေး အဖွဲ့တွေထံကနေသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly