မင်းကင်းမြို့ အင်ကြင်းတောင်ရွာ ပင်မစခန်းကုန်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

By လွှမ်းမိုး(မဇ္ဈိမ)
01 December 2023
မင်းကင်းမြို့ အင်ကြင်းတောင်ရွာ ပင်မစခန်းကုန်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ အနောက်ခြမ်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များပူးပေါင်းတပ်စွဲနေသည့် ပင်မစခန်းကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၇ ရက် နံနက် ၄ နာရီ အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Student’s Revolutionary Force (SRF) တပ်ဖွဲ့ထံမှ သိရပါသည်။

အဆိုပါ စစ်ကောင်စီတပ် စခန်းကုန်းကို လေးနာရီအကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာဖြစ်ကြောင်း SRF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

“ ကတုပ်ကျင်းတွေ ၊ ဘန်ကာတွေနဲ့ ကျကျနန တည်ဆောက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပင်မစခန်းကုန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲကြာချိန် လေးနာရီခန့်မှာ စခန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပြီး၊ ရန်သူ့တပ်ရဲ့ စစ်ကူများ ရောက်ရှိလာတဲ့အတွက် စခန်းကို ဖျက်ဆီးပြီး စနစ်တကျ ဆုတ်ခွာခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ် တဦး ၊ ရဲတပ်သား လေးဦး နှင့် ပြည်သူ့စစ် အဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၊ SRF တပ်ဖွဲ့မှ ရဲဘော် တဦး ကျဆုံးကာ ရဲမေ တဦးနှင့် ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဒုတိယ အကြိမ်စခန်းကုန်းကို သိမ်းနိုင်ခဲ့တာ ရန်သူကို လျှော့မတွက်ခဲ့တာ ကြောင့်ဖြစ်တယ်။ ပထမအကြိမ် သိမ်းပိုက်ခဲ့တာမျိုးနဲ့ အများကြီးကွာနေတာ ဖြစ်ပါတယ်။ ရန်သူ့တပ်က စစ်အင်အား ဖြည့်တင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်သားတွေ ပူးပေါင်းတပ်စွဲနေတာဖြစ်တယ်။ ပထအကြိမ် တုန်းကလိုမျိုး ရန်သူက ပျူစောထီးအဆင့်ရှိသူတွေ မဟုတ်ဘူး ၊ ဒါကြောင့် ရန်သူကို လျှော့မတွက်ဘဲ ကြိုးစားပြင်ဆင်ခဲ့ရတယ်” ဟု SRF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ပွဲကို   Student’s Revolutionary Force (SRF) နှင့် Brave Eagles Revolution Force (BERF) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပြီး  စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ် တဦး ၊ ရဲတပ်သား လေးဦး နှင့် ပြည်သူ့စစ် အဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၊ SRF တပ်ဖွဲ့မှ ရဲဘော် တဦး ကျဆုံးကာ ရဲမေ တဦးနှင့် ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် စစ်ရေးအရှိန်မြင့်လာသည့် အလားအလာများ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့် နီးစပ်သည့်နေရာများမှ သတိထားရှောင်ကျဥ်ကြရန် SRF တပ်ဖွဲ့မှ တိုက်တွန်းထားကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly