တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပျက်ပြားမှာမဟုတ်ကြောင်း တရုတ်ပြော

By မဇ္ဈိမ 
01 December 2023
တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပျက်ပြားမှာမဟုတ်ကြောင်း တရုတ်ပြော

တရုတ်-မြန်မာ နှစ်နိုင်ငံကြား သဘောထားကွဲလွဲအောင်နဲ့ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပျက်ပြားအောင်လုပ်ဖို့ ကြိုးပမ်းမှုတွေကို လက်မခံနိုင်သလို အောင်မြင်မှာလည်း မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အေပီ သတင်းထောက်က မေးမြန်းတာကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်း (Wang Wenbin) က ပြန်လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်တာကို တရုတ် အစိုးရက အားပေးတယ်လို့ စစ်ကောင်စီကို ထောက်ခံသူတွေက ပြောကြားပြီး တရုတ်နိုင်ငံက ခွင့်ပြုမှသာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်တာမို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တရုတ်နိုင်ငံက ထောက်ခံတာရှိ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်းက ပြန်လည်ဖြေကြားရာမှာ တရုတ်နဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်လေးစားတဲ့အကြောင်း ပြောပါတယ်။

မြန်မာစစ်ကောင်စီအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မကြာသေးခင်က တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံ ပတ်သက်မှု ရှိနေသလားဆိုပြီး မေးခွန်းထုတ်နေတဲ့အပေါ် တရုတ်အစိုးရက ပယ်ချလိုက်တာဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးဖို့ မျှော်လင့်ပါကြောင်းနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာ ထောက်ခံပါကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ လကစခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နေရာတချို့ကိုပါ ထိန်းချုပ်နိုင်ခဲ့သလို၊ နိုင်ငံနေရာ အနှံ့အပြားမှာလည်း တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့တာပါ။

တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေ တကျော့ပြန် ပေါ်ပေါက်လာနေချိန်မှာ တရုတ်နိုင်ငံက နယ်စပ်လုံခြုံရေးအတွက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့သလို၊ ရေတပ်သင်္ဘော ၃ စင်းဟာလည်း လေ့ကျင့်ရေးအတွက်ဆိုပြီး မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly