ရေဇွာမြို့ “ZZLMS” စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်ဖမ်းဆီးရမိ

By ပါခွီး (မဇ္စျိမ)
01 December 2023
ရေဇွာမြို့ “ZZLMS” စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်ဖမ်းဆီးရမိ
ပုံအညွှန်း - ရေဇွာမြို့တပ်စခန်းမှ ဖမ်းဆီးရသူများနှင့် လက်နက်ခဲယမ်းများ (ဓါတ်ပုံ - ZZLMS)

ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ ရေဇွာမြို့စစ်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ကျော် ဖမ်းဆီးရမိပြီး လက်နက်အမြောက်အမြားသိမ်းဆည်းရခဲ့ကြောင်း ZZLMS က နိုဝင်ဘာ ၃၀ရက် ယနေ့တွင်ထုတ်ပြန်သည်။

“ အခု ဖမ်းဆီးရတဲ့သူတွေကိုတော့ အကြမ်းဖက်စစ်ကောင်စီတပ်က လုပ်သလိုတော့ မလုပ်ပါဘူး၊ စစ်သုံ့ပန်းဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ရှိမယ်” ဟု CDF – Zotung တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အင်အား ၅၀ခန့်ဖြင့် အထိုင်ချတပ်စွဲထားခဲ့သည့် စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၅ရက်နေ့ကစ၍ စစ်ဆင်ရေးစတင်ခဲ့ပြီး နိုဝင်ဘာ ၂၈ရက်နေ့တွင် စတင်တိုက်ခိုက်ကာ နိုဝင်ဘာ ၂၉ရက် နံနက် ၁၀နာရီတွင် စခန်းသိမ်းနိုင်ခဲ့ပြီး တမြို့လုံးကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ZZLMSစစ်ဆင်ရေးကို” အဖွဲ့ဝင်များဖြစ်သော CDF – Zotung ၊ CDF – Zophei ၊ CDF – Lautu ၊ CDF – Mara ၊ CDF – Senthang တပ်ဖွဲ့များနှင့်အတူ ချင်းအမျိုးသားတပ်မတော်(CNA) ၊ CDF – Matu (တပ်ရင်း-၂)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် တပ်စခန်းအသိမ်းမခံရရေးအတွက် နိုဝင်ဘာ ၂၈နှင့် ၂၉ရက်များတွင် လေကြောင်းမှ အကြိမ် ၂၀ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး  ၃၀ကျော်အရှင်ဖမ်းမိခဲ့ကာ တပ်စခန်းရှိ လက်နက်ခဲယမ်းများ အကုန်သိမ်းဆည်းရသော်လည်း အရေအတွက် ကိုလတ်တလောထုတ်ပြန်နိုင်ခြင်းမရှိသေး ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါစစ်ဆင်ရေးအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ CDF – Zotung  ၊CDF – Mara ၊ CDF – Lautu  နှင့် CNA မှ ရဲဘော်တဦးစီ စုစုပေါင်း လေးဦးကျဆုံးကာ ငါးဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ရက်နေ့က ရေဇွာမြို့ တပ်စခန်းမှ စစ်ကောင်စီတပ်သားနှစ်ဦး သေနတ် တလက်နှင့် ဗုံးသီးနှင့် ကျည်ဆန်များယူဆောင်လာပြီး အလင်းဝင်ခဲ့ရာ CDF -Zotung တပ်ဖွဲ့က ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်။

၎င်းနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ မတိုက်ခိုက်မီ သတိပေးချိန်အတွင်း ပူးပေါင်းလာသော စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး စခန်းနှင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေချိန်တွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါမြို့ကို နိုဝင်ဘာလ ၁၃ရက် နှင့် မတူပီမြို့နယ် လိုင်လင်းပီမြို့ကို နိုဝင်ဘာ၂၄ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် သိမ်းယူခဲ့သော ရေဇွာမြို့သည် စစ်ကောင်စီတပ် လက်အောက်မှ တတိယမြောက် လွတ်မြောက်သော မြို့ဖြစ်လာသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly