မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံနေရပြီး တိုက်ပွဲပြင်းထန်

By သွင်ထူးဈာန် ကောသူးလေ(မဇ္ဈိမ)
01 December 2023
မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံနေရပြီး တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် ၊မြဝတီ- ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ယမန်နေ့ နိုဝင်ဘာလ ၃၀ရက် ညပိုင်းမှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

အာရှလမ်းမပေါ်ရှိ  သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းအနီး သင်္ချိုင်းကုန်းအနောက်ဖက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ည ၉နာရီလောက်ကစပြီး လက်နက်ကြီးပစ်သံစကြားရတယ်၊ လက်နက်ငယ်သံတွေရောပေါ့၊ အခုမနက်၁၁နာရီခွဲအထိ ပစ်ခတ်သံတွေ ကြားနေရတယ်၊ အာရှကားလမ်းမကြီးက ပိတ်လိုက်ပြီ၊ မနေ့ညက တိုက်ပွဲစဖြစ်ကတည်းက ပိတ်လိုက်တာ”ဟု သင်္ဃန်းညီနောင်မြို့မှ ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ(၂၇၅)နှင့် သင်္ဃန်းညီနောင် ဗျူဟာစခန်းကုန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

“သင်္ဃန်းညီနောင် ဗျူဟာစခန်းကုန်းကလွဲပြီး ကျန်တဲ့တပ်ရင်းတွေမှာ စကစတွေမရှိတော့ဘဲ တပ်ထဲမှာ မိုင်းတွေခင်းထားတယ်၊ သူတို့ တပ်ရင်းအနောက်ကနေ နေရာပြန်ယူပြီး သတ်ကွင်းပြန်ဖော်ထားတာ၊ ကင်းပုန်းတွေလည်းအများကြီးပဲ၊ မြဝတီနဲ့ ကော့ကရိတ်ကို အတိုက်ခံရမယ်ဆိုတာ သူတို့အစောကြီးကတည်းက သတင်းပေါက်ထားတယ်”ဟု စစ်ရေးသတင်း အရင်းအမြစ်တဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့ရှိ ခလရ(၉၇)တပ်ရင်းနှင့် စကခ(၁၃)လက်အောက်ခံ တပ်ရင်းများလည်း တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များအတွင်းသို့ ပစ်ခတ်နေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အာရှကားလမ်းမကြီး ပိတ်သွားကာ ခရီးသွားပြည်သူအများအပြား ပိတ်မိနေကြောင်း လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly