ရခိုင်ပြည်နယ်မှာတကျော့ပြန် တိုက်ပွဲကြောင့် စစ်ရှောင်သူလူဦးရေ ၂ သိန်းနီးပါးအထိ ထပ်တိုးလာနေပြီး အကူအညီများလိုအပ်နေ

By မဇ္ဈိမ 
01 December 2023
ရခိုင်ပြည်နယ်မှာတကျော့ပြန် တိုက်ပွဲကြောင့် စစ်ရှောင်သူလူဦးရေ ၂ သိန်းနီးပါးအထိ ထပ်တိုးလာနေပြီး အကူအညီများလိုအပ်နေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၂၉ ရက်အထိ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအထိ တိုးလာကာ အာဏာသိမ်းစစ်တပ်က ရခိုင်တပြည်လုံးကို ကန့်သတ်ပိတ်ဆို့ထားတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေပြီး ရခို င်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို စစ်ကောင်စီကပိတ်ဆို့ထားတယ်လို့ ရခိုင်ပြည်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အဲဒီလိုပိတ်ဆို့တားမြစ်ထားတာမို့ စားနပ်ရိက္ခာတွေရှားပါးလာနေသလို စစ်ဘေးရှောင်တွေအပါအဝင် ရခိုင်ပြည်သူတစ်သန့်ခန့်ဟာလည်း စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရခိုင်မှ စစ်ပြေးတိမ်းရှောင်နေရတဲ့ မြို့နယ်တွေကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ရသေ့တောင်တို့မှာ အများဆုံးဖြစ်နေပြီး မောင်တော၊ ဘူးသီးတောင်၊ မြေပုံတို့ဘက်မှလည်း စစ်ရှောင်သူများတိုးလာကြောင်း သိရပါတယ်။

ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်းဘက်တို့တွင် ရွာလုံးကျွတ်ထွက်ပြေး နေရသူများပင်ရှိကြောင်းသိရပါတယ်။

စစ်ဘေးရှောင်တွေဟာ တကျော့ပြန် တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရပ်ရွာတွေကို တိုက်ပွဲဖြစ်မှုမရှိဘဲ နေရော်ညပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတဲ့ အတွက် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ရခိုင်ကမြို့နယ်တချို့မှာ စစ်ကောင်စီတပ်က ဆန်တွေအများကြီးလိုက်ဝယ်နေတာမို့ ဆန်တစ်အိတ်ကိုနှစ်သိန်းခွဲထိဈေးတက်နေသလို တခြားလူမျိုးတွေကိုဝယ်ခိုင်းပြီးစစ်တပ်သို့ပို့ဆောင်ခိုင်းနေတာတွေလည်းရှိတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီဒုက္ခသည်တွေ၊စစ်ဘေးရှောင်တွေအပါအဝင် ရခိုင်ပြည်သူအားလုံးနီးပါးမှာ ပိတ်ဆို့ကန့်သတ်တားမြစ်ခံနေကြရတာမို့ စားနပ်ရိက္ခာ၊ဆေးဝါး၊စက်သုံးဆီတွေ မလုံလောက်မှုကိုကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

ပေါက်တောမြို့ပေါ်မှာဆိုရင်လည်း ပိတ်မိနေတဲ့ ပြည်သူတွေကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က ကယ်ထုတ်နေတာတွေရှိသလို စစ်ကောင်စီဖက်က ပစ်ခတ်မှုတွေကြောင့် မြို့မီးလောင်တာတွေ လည်းရှိ တယ်လို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့  လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့  နိုဝင်ဘာလ ၁၆ ရက်အထိ စာရင်းများအရ ရခိုင်ပြည်နယ်နဲ့  ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒုက္ခသည် စုစုပေါင်း ၉ သောင်းအထိရှိလာနေတယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ယင်းအထဲမှ အသစ်ထပ်တိုးလာတဲ့ ၂၆,၀၀၀ ကျော်ဟာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့အကြား နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားပြီးနောက် ထွက်ပြေးရတဲ့ အရေအတွက်ဖြစ်တယ်လို့လည်း ဆိုထာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly