မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

By YT ၊ ဂျူချန်း(မဇ္ဈိမ)
03 December 2023
မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် အရာရှိ တဦး၊ တပ်ကြပ်တဦးနှင့် တပ်သားတဦး စုစုပေါင်း သုံးဦးသေဆုံးပြီး ရဲနှစ်ယောက်ပြင်းထန်ဒဏ်ရာရသွားကြောင်း KRF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းကပြောသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ဝန်းကျင်ရှိသည့်  မုပ္ပလင်လမ်းဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် အနီးရှိ ရွှေစေတီ ငွေစေတီကုန်းရှိ စစ်ကောင်စီခံစစ်ကုန်းအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က ၄၀ မမ လက်နက်ကြီး ၁၄ လုံးနှင့် ၆၀ မမ လက်နက်ကြီး ခြောက်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" မိနစ် ၂၀ လောက်ပေါ့ အဲ့ဒီလောက်ကြာတယ်၊ သွားတိုက်တာ။ သူတို့ဘက်ကလည်း ရှယ်ပြန်ပစ်တာပေါ့။ မြေပြင်က အထောက်တော်တွေ သတင်းပေးပို့ချက်အရတော့ နှစ်ပွင့်လား သုံးပွင့်လား မသိ အရာရှိတယောက်ရယ် တပ်ကြပ်တယောက်ရယ်၊ တပ်သားတယောက်ရယ် သုံးယောက်ကတော့ လဲ (သေ) သွားပြီ။ ပြီးတော့ ရဲနှစ်ယောက်က ဒဏ်ရာပြင်းထန်တယ် လဲဖို့( သေဖို့)ရှိတယ်။ နောက်ထပ် ဒဏ်ရာရထားတာတွေလည်း ရှိတယ်" ဟု ကိုမော်ကွန်းက မဇ္ဈိမကိုပြောသည်။

တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့​၏ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်တွင် အရာရှိတဦး၊ တပ်ကြပ်တဦးနှင့် တပ်သားတဦး သေဆုံး၍ နှစ်ဦးပြင်းထန်ဒဏ်ရာရကာ အခြားဒဏ်ရာရထားသူများလည်း ရှိကြောင်း KNLA သတင်းရင်းမြစ်က ပြောသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအား တပ်မဟာ (၁) KNLA၊ ABSDF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ တောကျီးကန်းစစ်ကြောင်း ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိကြောင်း သိရသည်။

" သူတို့အပစ်ခံရပြီးတော့ အဲ့ဒီလမ်းဆုံဂိတ်က နှစ်ထပ်ဘန်ကာတွေပေါ်ကနေ သိမ်ဇရပ် သွားတဲ့ဘက်ကို စကစတွေ လက်နက်ကြီး လှမ်းထုသေးတယ် အချက်ရေ တော်တော်များတယ် အရပ်သား ဒဏ်ရာရတာ ရှိတယ်လို့တော့ မကြားမိဘူး" ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် မုပ္ပလင်ရဲစခန်းမှူး၏ အမျိုးသမီးဖြစ်သူ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရထားကြောင်းဒေသခံက ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် စစ်ကောင်စီတပ် စစ်ကူရောက်ရှိလာပြီး လမ်းများကို ပိတ်ကာ ခရီးသွားများနှင့် ဒေသခံများက စစ်ဆေးမှု တင်းကျပ်ခဲ့ပြီး ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် လမ်းများကို ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

မုပ္ပလင်စစ်ဆေးရေးဂိတ်သည် ရန်ကုန်- ဘားအံ- မော်လမြိုင်လမ်းပေါ်တွင် တည်ရှိပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များပေါ်မှ အရပ်သားများ​ထံမှ မှတ်ပုံတင်များ စစ်ဆေးခြင်း၊ ပိုက်ဆံကောက်ခြင်းတို့ကို ပြုလုပ်နေသည့် စစ်ဆေးရေးဂိတ်တခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ​၏ မကြာခဏ တိုက်ခိုက်ခြင်း ခံရလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required