တနင်္သာရီမြို့မှ စစ်ကောင်စီခြေမြန်တပ်ရင်းစစ်ဆေးရေးဂိတ်တိုက်ခိုက်မှု အရာခံဗိုလ်အပါအဝင် ၂ ဦး သေဆုံးဟုဆို

By ကိုရွှေမြိတ်
28 September 2023
တနင်္သာရီမြို့မှ စစ်ကောင်စီခြေမြန်တပ်ရင်းစစ်ဆေးရေးဂိတ်တိုက်ခိုက်မှု အရာခံဗိုလ်အပါအဝင် ၂ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၆၁) စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာခံဗိုလ်နှစ်ဦး သေဆုံးပြီးတဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း  တော်လှန် ရေးအင်အားစုများနှင့် တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် အမှတ် (၅၆၁)စစ်ဆေးရေးဂိတ်ကို ယနေ့ စက်တင်ဘာလ(၂၈) ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနှစ်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့သိရတဲ့ သတင်းတွေအရ အရာခံဗိုလ် တဦးသေတယ်ဆိုတာ အတည်ပြုနိုင်သလို တပ်ထဲ ရောက်မှ နောက်တဦး ထပ်သေ၊ တဦးဒဏ်ရာရတယ်ဆိုတာသိရတယ်။ ကျွန်တော်တို့ ပူးပေါင်း အဖွဲ့မှာတော့ ထိခိုက်သူမရှိပါဘူး”ဟု တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမအားပြောသည်။

ဘက်မလိုက်ပြောက်ကျားအဖွဲ့၊  SWDF တောင်ပိုင်း သူရဲကောင်းအဖွဲ့၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၂) ၏ တပ်ခွဲ (၁) ၊ နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုများနှင့် ပတ်သက်၍ အမှတ် (၅၆၁) ခြေမြန် တပ်ရင်းမှ သတင်းရင်းမြစ်တဦးက“စစ်တပ်ဘက်က အရာခံ ဗိုလ်လေးတဦး သေတယ်။ အလောင်းကို ချက်ချင်းပဲ တပ်ထဲကို သယ်သွားရတယ်။ နောက်ထပ် သေဆုံးနဲ့ ထိခိုက် ဒဏ်ရာ ရထားတဲ့ သူတွေလည်း ရှိနေတယ်”ဟု  ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ညောင်ပင်ကွင်းရွာ အရှေ့ကမ်းနှင့် အနောက်ကမ်း ဆက်ထားသည့် တံတား၌ စစ်ကောင်စီတပ်စွဲထားသည့် ဂိတ်ဖြစ်သည်။ထိုဂိတ်မှ စစ်ကောင်စီနှင့် ပျူစောထီးများက ခရီးသွားပြည်သူများထံမှ ငွေတောင်းကြမ်းသည်ဟု နာမည်ကြီးပြီး မကြာခဏလည်း တိုက်ခိုက်ခံနေရသည်။ယခုနှစ် သြဂုတ်လနှင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်၌ ထိခိုက်သေဆုံးသူများရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ရက်နေ့က ခမရ (၅၆၁) မှ စစ်ကောင်စီတပ်သား တဦးသည်  လက်နက်ခဲယမ်းများယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့သည်။အဆိုပါစစ်သားကို တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူများက  ဂုဏ်ပြု ချီးမြှင့်ငွေ ၃၆ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခမရ(၅၆၁)အား တိုက်ခိုက်မှုရုပ်သံကို တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားစဉ်

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly