အရပ်သားများကို အကာအကွယ်ပေးရေး ဖိအားပေးမှုများအကြား အစ္စရေးက ဂါဇာကို ဆက်လက်တိုက်ခိုက်

အရပ်သားများကို အကာအကွယ်ပေးရေး ဖိအားပေးမှုများအကြား အစ္စရေးက ဂါဇာကို ဆက်လက်တိုက်ခိုက်
Photo-AFP

အရပ်သားများကို တိုးမြင့်အကာအကွယ်ပေးရေး၊ ဟားမတ်စ်အဖွဲ့နှင့် သက်တမ်းကုန်သွားသည့် အပစ်ရပ်မှုကို ပြန်လည်သက်တမ်းတိုးရေး နိုင်ငံတကာ၏ တောင်းဆိုဖိအားပေးမှုများ တိုးလာလင့်ကစား အစ္စရေးသည် ဒီဇင်ဘာ ၃ ရက်တွင် ဂါဇာတွင် လူသေဆုံးစေသည့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။

ဒီဇင်ဘာ ၁ ရက်က အပစ်အခတ်ရပ်စဲမှု ပျက်ပြားပြီးနောက် ဂါဇာ၌ တိုက်ခိုက်မှုပေါင်း ၄၀၀ ကျော် လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ တိုက်ခိုက်ခံရမှုများအတွင်း လူ ၂၄၀ ဦးထက်မနည်း သေဆုံးကြောင်း ဟားမတ်စ်က ပြောသည်။

အလားတူပင် တဲ အဗစ် အပါအဝင် အစ္စရေး၏ မြို့အများအပြားကို ရော့ကတ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း ဟားမတ်စ်နှင့် ပါလက်စတိုင်း အဖွဲ့ အစ္စလမ္မစ် ဂျီဟတ်က ကြေညာသည်။ အပစ်ရပ်မှု အဆုံးသတ်ပြီးနောက်ပိုင်း ပထမဆုံးအဖြစ် တိုက်ပွဲအတွင်း စစ်သားနှစ်ဦး သေဆုံးကြောင်း အစ္စရေးက ပြောသည်။

အီဂျစ်နှင့် ထိစပ်သည့် ဂါဇာ၏ တောင်ဘက်နယ်စပ်အနီး တနင်္ဂနွေနေ့ မနက် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုတခုကြောင့် လူ ခုနစ်ဦးထက်မနည်း သေဆုံးကြောင်း ဟားမတ်စ် စီမံခန့်ခွဲသည့် အစိုးရက ပြောသည်။

ဒီဇင်ဘာ ၂ ရက်ညနေပိုင်းကလည်း အစ္စရေး၏ တိုက်ခိုက်မှုများက ဂါဇာအလယ်ပိုင်းရှိ နူဆီရတ် ဒုက္ခသည်စခန်းကို ထိမှန်၍ လူ ၁၃ ဦးထက်မနည်း သေဆုံးကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ Wafa အရ သိရသည်။

အောက်တိုဘာ ၇ ရက် မကြုံစဖူးသော တိုက်ခိုက်ခံရမှုကြောင့် အစပျိုးဖြစ်ပေါ်သည့် အစ္စရေး၏ သီတင်းပတ် ရှစ်ပတ်ကြာ စစ်ပွဲအတွင်း အရပ်သားသေဆုံးမှု မြင့်တက်နေခြင်းအပေါ် အမေရိကန်ဒုသမ္မတ ကမ်မလာ ဟားရစ်က ဒီဇင်ဘာ ၂ ရက်တွင် အပြင်းအထန် ပြစ်တင်ဝေဖန်သည်။

“အပြစ်မဲ့ ပါလက်စတိုင်းတွေ အသက်ဆုံးရှုံးရတာ တော်တော့်ကို များနေပြီ” ဟု သူမက ဒူဘိုင်းရှိ ကုလ ရာသီဥတု ဆွေးနွေးပွဲ၌ သတင်းထောက်များကို ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဂါဇာကနေ လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ အရပ်သားတွေ ထိခိုက်ခံစားရမှုအတိုင်းအတာက အင်မတန့်ကို စိတ်ထိခိုက်စရာကောင်းပါတယ်”

ဂါဇာရှိ စုစုပေါင်းလူဦးရေ၏ သုံးပုံနှစ်ပုံကျော်ဖြစ်သည့် လူပေါင်း ၁ ဒသမ ၇ သန်းခန့်သည် စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးထားကြရသည်ဟု ကုလသမဂ္ဂက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly