မုန်းမြို့ စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်း အချို့ကို ပြည်သူကာကွယ်ရေးတပ် သိမ်းပိုက်၊ စစ်ကောင်စီက လျှပ်စစ်မီးနှင့် အင်တာနက် ဖြတ်တောက်ထား

By YT ၊ ရွှေနွယ် (မဇ္ဈိမ)
03 December 2023
မုန်းမြို့ စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်း အချို့ကို ပြည်သူကာကွယ်ရေးတပ် သိမ်းပိုက်၊ စစ်ကောင်စီက လျှပ်စစ်မီးနှင့် အင်တာနက် ဖြတ်တောက်ထား
ဓာတ်ပုံ − ရိုးမခေါ်သံ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ဖြစ်သည့် ခမရ (၅၉၉ ) နှင့်  မြို့မရဲစခန်းနှင့် မုန်းသံတံတားရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကယ်ရေးတပ်က သိမ်းပိုက်ထားပြီး လက်ရှိတွင် မြို့၌ စစ်ကောင်စီက လျှပ်စစ်မီးနှင့် အင်တာနက်များ  ဖြတ်တောက်ထားကြောင်း သိရသည်

မုန်းမြို့ရှိ  စစ်ကောင်စီတပ်များအား  ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ခြေမြန်တပ်ရင်း (၅၉၀) မှလွဲ၍ ကျန်စစ်စခန်းနေရာများအား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) စစ်ဒေသခွဲ၏ ဒုတိယ စစ်ဒေသခွဲမှူးထံက ပြောသည်။

"၅၉၀ ရဲ့ ဗဟိုကင်းကျန်သေးတယ်။ ကျန်တာ ရ။ လေယာဉ် ညကကတည်းက တောက်လျှောက်။ မြို့တမြို့ကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်" ဟု NUG-MOD အမှတ် (၂) စစ်ဒေသခွဲ၏ ဒုတိယ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး MPT ဖုန်းလိုင်း တခုသာရတော့ပြီး ကျန်ဖုန်းလိုင်းများနှင့် အင်တာနက်များမှာ မရရှိသည့် အပြင် လျှပ်စစ်မီးလည်း ပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။

" ဖုန်းလိုင်းက MPT ပဲ ရတော့တယ်။ ကျန်တာ အကုန်ပျောက်နေတာ။ မီးက တိုက်ပွဲစဖြစ်ကတည်းက ပျက်နေတာ။ ညကနေ အခုနေ့လယ်ထိ လေယာဥ်တွေဝဲနေတယ်။ လေယာဥ်ပေါ်က စက်သေနတ်နဲ့ရော ဒုံးကျည်နဲ့ပါ ပစ်နေတာ" ဟု မုန်းမြို့ပေါ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဓာတ်ပုံ − ရိုးမခေါ်သံ

 မုန်းမြို့တဝိုက်ကို စစ်ကောင်စီက တိုက်ပွဲစဖြစ်ချိန်မှစ၍ လျှပ်စစ်မီး ဖြတ်တောက်ထားပြီး ATOM၊ Ooredoo ဖုန်းလိုင်းများ တိုင်ပျောက်နေပြီး MYTEL နှင့် MPT သည်လည်း လိုင်းပျောက်လိုက် ပေါ်လိုက် ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားနေရာ ဒေသများနှင့် အနီးတဝိုက်သို့ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင်မှစ၍ နေ့လယ်၂ နာရီအထိ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီး အောင်းကြီးကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ တုံးတောကျေးရွာ၊ မုန်းမြို့ပေါ်သို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုများရှိကြောင်း၊ စစ်ကောင်စီ​၏ ကင်းထောက်လေယာဉ်လည်း ညနေ ၄ နာရီအချိန်အထိ ဆက်တိုက်ဝဲပျံနေကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မုန်းမြို့ပေါ်မှ ဒေသခံများသည် နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လိုကြသော်လည်း အပြင် မထွက်ရဲကြသဖြင့် နေအိမ်အတွင်း၌ပင် ပုန်းခိုနေကြရကြောင်း သိရသည်။

" တစ်မြို့လုံး ဘယ်သူမှ မထွက်ရဲဘူး။ လမ်းပေါ်မှာလည်း လူရှင်းနေရော။ မြို့ထဲကလူအကုန်လုံး ဘယ်မှသွားလို့ မရဘူး။ အိမ်ထဲမှာပဲ နေနေကြရတာ။ ကျနော်တို့က မြို့လယ်ခေါင်ဆိုတော့ နည်းနည်းတော်သေးတယ်။ စခ ဂိတ်တွေနားက အိမ်တွေကိုပဲ ပိုစိုးရိမ်မိတယ်ဗျာ။ လေယာဥ်က ၁၅ မိနစ် တစ်ခါ နာရီဝက်တစ်ခါ လာပြီး ပစ်တယ်။ " ဟု အခြားဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အချိန် ၁၅ နာရီကျော် အတွင်း  ရေအိုးစဉ်ရွာရှိ ခမရ (၅၉၀) တပ်ရင်း ထပ်မံသိမ်းပိုက်ပြီး မုန်းမြို့ကိုပါ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း မဇ္ဈိမအနေဖြင့် ပဲခူးတိုင်း PDF တာဝန်ရှိသူများထံ ဆက်သွယ်အတည်ပြုနေဆဲဖြစ်သည်။

မုန်းမြို့သည် ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မြို့တခုဖြစ်သကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး KNU ၏ နယ်မြေပိုင်းခြားသတ်မှတ်မှုအရ ကော်သူးလေအုပ်ချုပ်နယ်မြေလက်အောက်ရှိ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ (၃) မူးမြို့နယ်ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly