ပုလဲမြို့နယ်အတွင်း ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံးဟုဆို

By ပါခွီး (မဇ္စျိမ)
12 September 2023
ပုလဲမြို့နယ်အတွင်း ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို  နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ကိုးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၁ရက် နေ့လယ်က ပုလဲမြို့မှ အင်အား ၈၅ဦးခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ကို ကျွန်းဘိုကုန်းကျေးရွာနှင့် နွယ်ရှောက်ကျေးရွာအကြားတွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ခြောက်ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိသွားကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA)က စက်တင် ဘာလ ၁၂ရက်နေ့  ယနေ့တွင်ထုတ်ပြန်သည်။

အထိနာသွားသည့်စစ်ကောင်စီတပ်သည် ထိုနေ့ မွန်းလွဲ ၁နာရီ ၃၇မိနစ်မှ ၂နာရီ ၅၀မိနစ်အချိန်အထိ Mi35 စစ်ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဆုတ်ခွာသွားသည့်နေရာသို့ စစ်ကောင်စီတပ်သားများက  ရဟတ်ယာဥ်မှ ပစ်ခတ်စဥ် မြေပြင်မှ စစ်ကောင်စီစစ်ကြောင်းကို အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းBNRAက ထုတ်ပြန်ထားသည်။ ယင်းအချက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

တိုက်ပွဲတွင်  ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့အပါအဝင် ယင်းနေရာတဝိုက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယ‌နေ့ စက်တင်ဘာလ ၁၂ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပုလဲမြို့နယ်၊ လှော်ကားကျေးရွာ ရေကာတာပေါ်သို့ ရောက်ရှိလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ် အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေတွင် အင်မထီးပျူရွာသို့ ဝင်ရောက်သွားကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၂) ထံမှ သတင်းရရှိသည်။ 

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required