စစ်ကောင်စီ အသုံးပြုခွင့်ရနေသည့် ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီများ တားဆီးပိတ်ဆို့ပေးရန် စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့

By 001(မဇ္စျိမ)
29 October 2023
စစ်ကောင်စီ အသုံးပြုခွင့်ရနေသည့် ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီများ တားဆီးပိတ်ဆို့ပေးရန် စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့

မြန်မာ စစ်‌ေကာင်စီ  အသုံးပြုခွင့်ရရှိနေသည့် ငွေကြေးများ၊ လက်နက်များ၊ စစ်သုံးဆက်စပ်ပစ္စည်းများနှင့် လေယာဉ်ဆီများကို တားဆီးပိတ်ဆို့ပေးရန် မြန်မာပြည်သူအယောက် ၂၇,၇၀၀ ကျော်တို့၏ လက်မှတ်များနှင့်အတူ ပြည်တွင်း၊ ပြည်ပတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်း ၄၃၁ ဖွဲ့က စင်ကာပူအစိုးရထံသို့ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်း Blood Moneyအဖွဲ့က ထုတ်ပြန်သည်။

စင်ကာပူအစိုးရအနေဖြင့် စစ်ကောင်စီထံ လက်နက်များ၊ အရပ်ဘက်-စစ်ဘက်သုံး ကုန်ပစ္စည်းများ၊ နည်းပညာများ၊ လေယာဉ်ဆီများအပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်သော ငွေကြေးလွှဲပြောင်းမှုများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းဖြင့် လွှဲပြောင်းရောင်းချနေခြင်းများ ရပ်တန့်ရန်၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးရန် အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

ထို့ပြင် စင်ကာပူနိုင်ငံအတွင်းရှိ ငွေကြေးစနစ်များအားလုံးကို စစ်ကောင်စီတပ် အသုံးပြုခွင့်မရစေရေးနှင့် စင်ကာပူနိုင်ငံပိုင်ဘဏ်များတွင် ထားရှိသည့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရက ပိုင်ဆိုင်သည့် နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်ကိုလည်း တရားမဝင် စစ်အုပ်စုက လုံးဝသုံးစွဲခွင့်မရစေရေး သေချာစေရန် ငွေကြေးခဝါချမှု အရေးယူပြဌာန်းချက်များကို အသုံးပြုပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရန်လည်း ပါရှိသည်။

စစ်ကာပူနိုင်ငံမှ တဆင့် စစ်‌ေကာင်စီထံသို့ လက်နက်နှင့် နည်းပညာများ လွှဲပြောင်းရောင်းချခြင်းတို့တွင် ပါဝင်ပတ်သက်သည့် စင်ကာပူအခြေစိုက်ကုမ္ပဏီများကိုလည်း လူသိရှင်ကြားစုံစမ်းစစ်ဆေးမှုများကို ပိုမိုမြန်ဆန်အလုပ်တွင်စေရန်နှင့် ပိုမိုဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။

စစ်ကောင်စီအနေဖြင့် ၎င်း၏ ငွေကြေးလွှဲပြောင်းခြင်းများကို လုပ်ဆောင်နိုင်ရန် စင်ကာပူနိုင်ငံရှိ ဘဏ်များကို အမှီသဟဲပြုနေရခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံက  ဖြန့်ဖြူးရောင်းချနေသည့် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ၊ လေယာဉ်ဆီများသည် စစ်‌ေကာင်စီ လက်ရှိကျူးလွန်လျက်ရှိသည့် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်စေကြောင်း ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက ဆိုသည်။

လက်ရှိတွင် စင်ကာပူနိုင်ငံနေဖြင့် ခရိုနီများအတွက် စီးပွားရေးအချက်အခြာကျသည့် နိုင်ငံတခုအဖြစ်လည်းရပ်တည်လျက်ရှိပြီး ဦးတေဇနှင့် ဦးနိုင်ထွဋ်အောင်ကဲ့သို့ ခရိုနီအချို့မှာ မြန်မာပြည်သူများ၏ဘဝကို ဖျက်ဆီးပြီး အကျိုးအမြတ်များရရှိကာ စင်ကာပူနိုင်ငံရှိ မြို့လယ်ခေါင်တွင် စည်းစိမ်အပြည့်ဖြင့် ခမ်းခမ်းနားနားနေထိုင်လျက်ရှိကြောင်း စင်ကာပူအစိုးရထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ထို့ပြင် UK နှင့် US တို့မှ အရေးယူပိတ်ဆို့ခဲ့သည့် ရွှန်းကုမ္ပဏီအုပ်စုသည် စင်ကာပူနိုင်ငံတွင် ဆက်လက်လည်ပတ်လျက်ရှိပြီး ၎င်းကုမ္ပဏီသည် စစ်‌ေကာင်စီအား လေယာဉ်ဆီများရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

စင်ကာပူမှ စီးပွားရေးလုပ်ငန်းများသည် စစ်‌ေကာင်စီ နှင့် ၎င်းတို့၏ အပေါင်းအပါများအတွက် ငွေကြေးလွှဲပြောင်းခြင်းများ လုပ်ဆောင်လျက်ရှိနေခြင်းက စစ်ရာဇဝတ်ကောင်များအား ကူညီထောက်ပံ့နေခြင်းဖြစ်သည့်အပြင် စစ်အုပ်စု၏ နိုင်ငံတကာအဆင့် ရာဇဝတ်မှုများကို လည်း ထောက်ပံ့နေခြင်းဖြစ်ကာ ထိုလုပ်ရပ်များကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required