ရှမ်းပြည်နယ်တွင် တည်ဆောက်နေသည့် ရေကာတာများ ရပ်တန့်ပေးရန်  အဖွဲ့အစည်း ၁၃ ခုမှ  အိတ်ဖွင့်စာ ပေးပို့

By ဂျူချန်း(မဇ္ဈိမ)
26 April 2023
ရှမ်းပြည်နယ်တွင် တည်ဆောက်နေသည့် ရေကာတာများ ရပ်တန့်ပေးရန်  အဖွဲ့အစည်း ၁၃ ခုမှ  အိတ်ဖွင့်စာ ပေးပို့
ဓါတ်ပုံ-အထက်ရဲရွာရေကာတာ (အင်တာနက်)

ရှမ်းပြည်ပိုင်းမြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ဒုဋ္ဌဝတီ မြစ်ပေါ်တွင် စစ်ကောင်စီမှ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနှင့်၊ နမ္မတူ ရေအားလျှပ်စစ်စီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါစီမံကိန်းကြောင့် ကျေးရွာအုပ်စု ၁၂ စုမှ ဒေသခံပြည်သူ ၄၀,၀၀၀ ခန့် ဒုက္ခရောက်နိုင်သဖြင့် ထိုစီမံကိန်း နှစ်ခုအပါအဝင် ကျန်ရှိနေသည့် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းများကို ရပ်တန့်သွားစေမည့် မည်သည့်နည်းဖြင့်မဆို တားဆီးကူညီပေးရန် ရှမ်းပြည်အတွင်းရှိ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီများသို့ အရပ်ဖက်အဖွဲ့အစည်း ၁၃ ခုမှ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့ခဲ့သည်။

ထိုစီမံကိန်းများကြောင့် သီပေါမြို့နယ်ရှိ ဘော်ကြိုဘုရားကြီးအပါအဝင် ကျေးရွာအုပ်စု ၁၁ စုဖြစ်သည့် ဘော်ကြို၊ မန်ဟဲ၊ ကျင်သီ၊ နမ့်အွန်၊ နားမခေါ်၊ နမ့်လန်၊ လော၀်ခွန်၊ ကုန်းဆော့၊ မန်မွန်း/မန်ကျောင်း၊ ဟိုခဲ နှင့် ကောင်းခံ(လီ)နှင့် နမ့်ဆန်မြို့နယ်ရှိ လီလုကျေးရွာတို့သည် ရေအောက်သို့ နစ်မြုပ်သွားနိုင်သဖြင့် အဆိုပါကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံ ၄၀,၀၀၀ ခန့် ၏ လူမှုဘဝများကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

“ကျေးရွာအုပ်စု ၁၁ စုမှာ ရွာပေါင်း ၁၀၀ ကျော်ပါဝင်ပြီးတော့ ဒေသခံပေါင်း ၄၀,၀၀၀ ဝန်းကျင်နေထိုင်ပါတယ်။ အများစုကတော့ ရှမ်းတိုင်းရင်းသားတွေဖြစ်ပြီးတော့ တခြားတိုင်းရင်းသားတွေလည်း အတူအကွနေထိုင်ကြပါတယ်” ဟု နမ္မတူမြစ်အား ကာကွယ်ကြသူများအဖွဲ့မှ နန်းမိုဆိုင် က မဇ္ဈိမကိုပြောသည်။

အဆိုပါ စီမံကိန်းများအား ရပ်တန့်ပေးရန် ရေနစ်မြုပ်နိုင်မည့် ဒေသများမှ ပြည်သူများသည် ရေကာတာများ စတင်တည်ဆောက်စဥ်ကတည်းမှ အစဉ်တစိုက် ကန့်ကွက်မှုများကို ပြုလုပ်ခဲ့ကြသော်လည်း ယင်ခင်အစိုးရအဆက်ဆက်မှ ယခု အာဏာသိမ်းစစ်ကောင်စီလက်ထက်အထိ ဆက်လက်တည်ဆောက်နေကြဆဲဖြစ်ကြောင်း ဆိုသည်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး လာမည့် ၂၀၂၅ခုနှစ် မတ်လထဲတွင် စတင်စမ်းသပ်ထုတ်လုပ်သုံးစွဲနိုင်ရန် လျာထားကြောင်းနှင့် နမ္မတူစီမံကိန်းကိုမူ ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် စီမံကိန်းစတင်ရန် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်တွင် တည်ဆောက်ပြီးနှင့်သည့် ရေကာတာ ၁၀ ခု ရှိပြီး အဆိုပါ ရေကာတာများမှ ထုတ်လုပ်သည့်လျှပ်စစ်သည် မြန်မာပြည်ရေအားလျှပ်စစ်ထုတ်လုပ်မှု၏ ထက်ဝက်ကျော်ပမာဏရှိသော်လည်း ရှမ်းပြည်နယ်ရှိ ဒေသ၏ ၅၀ရာခိုင်နှုန်းခန့်သည့် ယခုတိုင် လျှပ်စစ်မီး မရရှိကြသေးကြောင်း ဆိုသည်။

“ရှမ်းပြည်နယ်မှာ လျှပ်စစ်မီးရတဲ့ ဒေသက ၂၀၁၄ သန်းခေါင်စာရင်းအရ ၄၈ ရာခိုင်နှုန်းပါ။ အခုရှိလှ ၅၀ကျော်ပါ” ဟု သျှမ်းလူမှုအဖွဲ့အစည်းမှ မဗင်ဒါ ကပြောသည်။

နမ္မတူမြစ်ပေါ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ယူနစ်ကီလိုဝပ်နာရီသန်းပေါင်း ၁,ဝဝ၆ သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦးက ပြောသော်လည်း ရေအားလျှပ်စစ်စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်များအား မည်သည့်နေရာတွင် သုံးစွဲမည်ဖြစ်ကြောင်းကိုမူ စစ်ကောင်စီမှ ပွင့်လင်းမြင်သာစွာ ချပြမှုကိုလည်း မတွေ့ရှိရကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ရန် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှုဆိုင်ရာ EIA/SIA စစ်တမ်းများ ကောက်ယူထားမှုသည်လည်း ဒေသခံပြည်သူတို့၏ သဘောထားမှန်မဟုတ်ဘဲ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ကြောင်း အဆိုပါအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“ဘယ်နေရာမှာထုတ်ပြန်သုံးစွဲမယ်ဆိုတာမျိုး တိတိကျကျထုတ်ပြန်ထားတာမရှိပါဘူးရှင့်။ ရှမ်းပြည်အတွင်းမှာ ရေကာတာကြီး ၁၀ ခုရှိနှင့်နေပြီးသားဖြစ်ပါတယ်။ ဒီလောက်ရေကာတာပေါများခဲ့ပြီးတာတောင်မှ ရှမ်းပြည်သူပြည်သားတွေ ခုထိမီးမလင်းသေးပါဘူး။ အဲ့ဒါကြောင့်မို့ ဒေသခံတွေအတွက် ထုတ်သုံးမယ်ဆိုတာမျိုးကို ကျွန်မတို့အနေနဲ့ယုံကြည်မှု မရှိပါဘူးရှင့်” ဟု နန်းမိုဆိုင် ကပြောသည်။

အဆိုပါ စီမံကိန်းများအား ရပ်တန့်ပေးရန် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအား ဧပြီလ ၂၅ ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့ခဲ့ပြီး လက်ရှိအချိန်အထိ တုန့်ပြန်သည့် အဖွဲ့အစည်း မရှိသေးကြောင်း မဗင်ဒါက ဆိုသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် Global Shan Network၊ Tai Youth Yangon, Tai Youth Community South Korea၊ Tai Youths Network Japan၊ Tai Youth Htong Mao၊Tai Students’ Union၊ Namtu River Protectors ၊ Progressive Youth Network Hsipaw ၊ Kyun Ta Htaung Myae Foundation ၊ Shan Youth WingMaw၊ Shan Community in Japan ၊Tai Community (Canada) နှင့် Tai Youth Laikha တို့မှ ပူးပေါင်းတောင်းဆိုကြောင်းခဲ့ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required