စင်ကာပူတွင် ဆေးခြောက်ပေးပို့ရာ၌ ပါဝင်ပတ်သက်မှုဖြင့် အမျိုးသား ၁ ဦးအား သေဒဏ်စီရင်

စင်ကာပူတွင် ဆေးခြောက်ပေးပို့ရာ၌ ပါဝင်ပတ်သက်မှုဖြင့် အမျိုးသား ၁ ဦးအား သေဒဏ်စီရင်

စင်ကာပူနိုင်ငံတွင် ဆေးခြောက် ပေးပို့ရာ၌ ပါဝင်ပတ်သက်မှုဖြင့် အမျိုးသားတစ်ဦးအား ဗုဒ္ဓဟူးနေ့တွင် သေဒဏ်စီရင်လိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသား၏ မိသားစုများက အသနားခံစာ လျှောက်ထားခြင်းနှင့် တက်ကြွလှုပ်ရှားသူများက ၎င်း၏ ပြစ်မှုတွင် အားနည်းသည့် သက်သေများ ရှိနေသည်ဟု ကန့်ကွက်နေသည့်ကြားမှပင် သေဒဏ်စီရင်လိုက်ခြင်းပဲ ဖြစ်သည်။

ဆေးခြောက် ၁ ကီလိုဂရမ် (၂ ဒသမ ၂ ပေါင်) ကုန်ကူးရာတွင် အားပေးကူညီမှုအတွက် အသက် ၄၆ နှစ်အရွယ် တန်ဂါရာဂျူကို ၂၀၁၈ ခုနှစ်အတွင်းက သေဒဏ် အပြစ်ဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။ စင်ကာပူဥပဒေအရ ဆေးခြောက် ၅၀၀ ဂရမ်ထက် ပို၍ ကုန်ကူးလျှင် သေဒဏ်ပြစ်ဒဏ် ချမှတ်နိုင်သည်။

တန်ဂါရာဂျူကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ကြိုးပေးစီရင်လိုက်ခြင်းဖြစ်ပြီး မိသားစုကို သေစာရင်း ထုတ်ပေးခဲ့ကြောင်း စင်ကာပူတွင် သေဒဏ် ပယ်ဖျက်ရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် Transformative Justice Collective အဖွဲ့မှ တက်ကြွလှုပ်ရှားသူ ကာစတန်ဟန်က တွစ်တာတွင် ရေးသားသည်။

တန်ဂါရာဂျူကို ဆေးခြောက်နှင့်အတူ ဖမ်းဆီးမိခြင်း မဟုတ်သော်လည်း ဖုန်းနံပါတ်များအားဖြင့် ၎င်းသည် မူးယစ်ဆေး ပေးပို့မှု၌ ပါဝင်ပတ်သက်နေသည့် တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်းကို ညွှန်ပြနေသည်ဟု အစိုးရရှေ့နေများက ပြောကြသည်။ ဆေးခြောက်‌ ပေးပို့မှုများတွင် သက်ဆိုင်ပတ်သက်နေသည့် အခြားသူများနှင့် အဆက်အသွယ် ရှိသူ မဟုတ်ရကြောင်း တန်ဂါရာဂျူက လျှောက်လဲထားခြင်း ဖြစ်သည်။

စင်ကာပူအစိုးရအနေဖြင့် မူးယစ်ဆေးဝါး ပြစ်မှုများတွင် သေဒဏ်စီရင်ခြင်းကို “တရားဝင် ဆိုင်းငံ့ထားသင့်ကြောင်း” ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ပြောရေးဆိုခွင့်ရှိသူ ရာဗီရာ ရှမ်ဒါဆာနီက တိုက်တွန်းထားသည်။

“မူးယစ်ဆေးဝါး ပြစ်မှုအတွက် သေဒဏ်အပြစ် ချမှတ်တာဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ဘောင်မဝင်ဘူး”ဟု ရှမ်ဒါဆာနီက ပြောပြီး သေဒဏ်အပြစ်ဒဏ်သည် ထိရောက်မှု မရှိကြောင်းကို သက်သေများက ပြသလျက်ရှိနေသည်ဟုလည်း ဖြည့်စွက်ဆိုသည်။

သေဒဏ်ပေးနိုင်သော မူးယစ်ဆေးဝါး သတ်မှတ်ပမာဏ အောက်ကိုပဲ မှောင်ခိုကူးသူများက သယ်ယူနေခြင်းများကို ဆန်းစစ်လေ့လာချက်များအရ သေဒဏ်ပြစ်ဒဏ်သည် ထိရောက်မှု ရှိကြောင်း စင်ကာပူအာဏာပိုင်များက ပြောခဲ့သည်။

စင်ကာပူကျွန်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆန့်ကျင်ဖီလာကာ မူးယစ်ဆေးဝါးအတွက် သေဒဏ်အပြစ်ပေးခြင်းလည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင် ခွင့်ပြုထားပြီး မလေးရှားတွင် ကြီးလေးသော ရာဇဝတ်မှုများအတွက် မဖြစ်မနေ သေဒဏ်ပေးခြင်းကို အဆုံးသတ်ထားသည်။

စင်ကာပူသည် ပြီးခဲ့သည့်နှစ်၌ မူးယစ်ဆေးဝါး ပြစ်မှုဖြင့် လူ ၁၁ ဦးကို ကွပ်မျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly