စင်ကာပူတွင် ရေဈေး ၁၈ ရာခိုင်နှုန်းခန့် တိုးမြှင့်မည်

စင်ကာပူတွင် ရေဈေး ၁၈ ရာခိုင်နှုန်းခန့် တိုးမြှင့်မည်
Photo-AFP

စင်ကာပူနိုင်ငံက ရေဈေးကို လာမည့် နှစ်နှစ်တာ၌ ၁၈ ရာခိုင်နှုန်းခန့် တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမျိုးသားရေအရင်းအမြစ်ဌာန PUB က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အိမ်ထောင်စုအများစုအတွက် အခွန်မကောက်ခင် လက်ရှိ သောက်ရေကုန်ကျစရိတ်သည် ၁,၀၀၀ လီတာ သို့မဟုတ် တကုဗမီတာအတွက် စင်ကာပူဒေါ်လာ ၂ ဒသမ ၇၄ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၁ ဒေါ်လာ) ရှိသည်။

ယခု တိုးမြှင့်ခြင်းကြောင့် တကုဗမီတာအတွက် ထပ်လောင်း ၅၀ ဆင့် ကုန်ကျမည် ဖြစ်သည်။ ထို ထပ်တိုးစရိတ်ကို ၂၀၂၄ ဧပြီ ၁ ရက်တွင် ဆင့် ၂၀ နှင့် ၂၀၂၅ ဧပြီ ၁ ရက်တွင် ဆင့် ၃၀ မျှခံစေမည် ဖြစ်သည်။

၂၀၂၅ ၌ ပြန်လည်ပြင်ဆင်ပြီးနောက်တွင် အိမ်ထောင်စု လေးစု၌ သုံးစုသည် ၎င်းတို့၏ လစဉ်သုံး ရေခွန်အတွက် စင်ကာပူဒေါ်လာ ၁၀ ဒေါ်လာ မပြည့်အောင် ပေးဆောင်ရန်သာ ရှိသည်ဟု PUB က ဆိုသည်။ စီးပွားရေးလုပ်ငန်းများအတွက်က လေးခုတွင် သုံးခုသည် တလ ရေခွန်နှုန်းက စင်ကာပူဒေါ်လာ ၂၅ ဒေါ်လာပင် ရှိမည် မဟုတ်ပေ။ ဈေးသည် လေးဦးတွင် သုံးဦးက လစဉ် စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာအောက်သာ ရေခွန် ပေးဆောင်ရမည် ဖြစ်သည်။

ရေကို ပို၍ သုံးစွဲသော၊ တလလျှင် ၄၀ ကုဗမီတာကျော် သုံးစွဲကြသော အိမ်ထောင်စုများ၏ ၄ ရာခိုင်နှုန်းကတော့ ၎င်းတို့၏ ရေခွန်တွင် ပို၍ စရိတ်တက်မည်ကို မြင်တွေ့ရမည် ဖြစ်သည်။ အဆိုပါ သတ်မှတ်အဆင့်ထက် ပိုသော ကုဗမီတာတိုင်းအတွက် ဆင့် ၇၀ တိုးမြှင့် ပေးဆောင်ရမည်ဖြစ်ကာ လက်ရှိ စင်ကာပူဒေါ်လာ ၃ ဒသမ ၆၉ မှ လာမည့်နှစ်တွင် ၃ ဒသမ ၉၄ ဒေါ်လာနှင့် တမန်နှစ်တွင် ၄ ဒသမ ၃၉ ဒေါ်လာ ပေးဆောင်ကြရမည် ဖြစ်သည်။

ပျမ်းမျှအိမ်ထောင်စုတစ်စု၏ တလတာ ရေသုံးစွဲမှုသည် ၁၅ ကုဗမီတာခန့် ရှိသည်။

စက်ရုံနှင့် လေအေးပေးစက်များအတွက် အဓိက သုံးသော ညစ်ညမ်းရေကို သန့်စင်ထားသည့် NEWater ဈေးနှုန်းသည်လည်း အဆင့်နှစ်ဆင့်ဖြင့် တကုဗမီတာလျှင် ၁၇ ဆင့် တိုးပြီး ၂၀၂၄ ဧပြီ ၁ ရက်တွင် ၈ ဆင့်နှင့် ၂၀၂၅ ဧပြီ ၁ ရက်တွင် ၉ ဆင့် တိုးကောက်မည် ဖြစ်သည်။

စင်ကာပူတွင် ရေဈေးကို နောက်ဆုံး တိုးမြှင့်ထားသည်မှာ ၂၀၁၇ ၌ နှစ်ပိုင်းခွဲပြီး ၃၀ ရာခိုင်နှုန်း တိုးမြှင့်ထားခြင်းဖြစ်ကာ ယင်းမတိုင်ခင်က ၂၀၀၀ ပြည့်နှစ်တွင်လည်း တိုးမြှင့်ဖူးသည်။

ရေထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု ကုန်ကျစရိတ်များသည် ပြင်ပဖိအားများကြောင့် ၂၀၁၇ ခုနှစ်မှစကာ “သိသိသာသာ” တိုးမြင့်လာခဲ့သည်ဟု PUB က ထောက်ပြခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required