နွားထိုးကြီး-မြင်းခြံလမ်းမတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

By ဓါတု (မဇ္ဈိမ)
05 December 2023
နွားထိုးကြီး-မြင်းခြံလမ်းမတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊နွားထိုးကြီး-မြင်းခြံလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့် ကားနှစ်စီးပါ ယာဉ်တန်းအား ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။

နွားထိုးကြီးမြို့နယ် ၊ ရွာကြီးရွာနှင့် ညောင်ပင်ကျေးရွာအနီးရှိ အဆိုပါလမ်းမပေါ်သို့ ယမန်နေ့ နေ့လယ် ၂ နာရီခန့်က  အင်အား ခုနစ်ဦးပါ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသော Double Cap ကားတစီးနှင့် 4/WD မှန်တင်ထားသည့် အိမ်စီးကားအနက်ရောင် တစီးတို့ဖြတ်သန်းလာချိန် သုံးလုံးပွိုင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၈)တာဝန်ခံက မဇ္စျိမကိုပြောသည်။

"တပ်တွင်းသတင်း‌ပေး(ဖရဲသီး)ရဲ့ သတင်းအရ ရင်ခွဲရုံကို  ငါးလောင်းရောက်လာတယ် ထိခိုက်စာရင်းတော့မသိဘူး ဖြစ်ဖြစ်ချင်းတကောင်ပြုတ်ကျပြီး သေသွားတယ် ကားမရပ်ဘဲမောင်းပြေးသွားတယ်။Double  Cap ပဲထိတာ အိမ်စီးကားတော့မထိဘူး။အလောင်းတွေကိုတောင်မှ  ညောင်ပင်ရွာအရှေ့ဘက်က သင်ပြွန်းလမ်းခွဲမှာ မြင်းခြံမြို့ထဲကလာတဲ့ကားကိုစောင့်ပြီးမှ အလောင်းပြန်လာကောက်တာ" ဟု ၎င်းကပြောသည်။

ယင်းဖြစ်စဥ်ဖြစ်ပွားပြီးနောက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ကားနှစ်စီးဖြင့် ရောက်ရှိလာကာ အလောင်းပြန်လာကောက်ယူပြီးနောက် ညောင်ပင်အရှေ့ရွာရှိ သင်ပြွန်းလမ်းခွဲ၌ စစ်ကောင်စီတပ်သားအချို့ ကင်းပုန်းဝပ်လုံခြုံရေးယူထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် မြင်းခြံခရိုင်တပ်ရင်း(၈)၊ မြင်းခြံခရိုင် တပ်ရင်း(၁)နှင့် မလှိုင်ပကဖတို့ ပါဝင်ကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး#မန္တလေးတိုင်း
#နွားထိုးကြီးမြို့နယ်
#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly