ဒီဂျစ်တယ် ယွမ်ငွေ စမ်းသပ်မှုများကို တရုတ်မြို့ကြီးများတွင် တိုးချဲ့ စမ်းသပ်မည်

ဒီဂျစ်တယ် ယွမ်ငွေ စမ်းသပ်မှုများကို တရုတ်မြို့ကြီးများတွင် တိုးချဲ့ စမ်းသပ်မည်
Photo - AFP

ဧပြီ ၂၁

တရုတ်နိုင်ငံတွင် ဒီဂျစ်တယ် ယွမ်ငွေ စမ်းသပ်မှုများကို နောက်ထပ်မြို့ကြီးများတွင် စမ်းသပ်မည်ဖြစ်သော်လည်း တရားဝင် ရက်သတ်မှတ်ရခြင်း မရှိသေးကြောင်း တရုတ်ဗဟိုဘဏ် ဒုတိယအကြီးအကဲ လီဘိုက ဧပြီ ၁၈ ရက်တွင် ကျင်းပသည့် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်နှင့် ပြည်ပနိုင်ငံများမှ မူဝါဒချမှတ်သူများ၊ အမှုဆောင်အရာရှိများနှင့် ပညာရှင်များ သက်ရောက်ကြသည်။

တရုတ်သည် ဘဏ္ဍာရေးစနစ်များ ခေတ်မီစေရန်၊ အီလက်ထရောနစ် ငွေကြေးကဲ့သို့ အွန်လိုင်းကြေးကဏ္ဍမှ ခြိမ်းခြောက်မှုများကို တားဆီးရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ငွေပေးချေမှုများကို အရှိန်မြင့်စေရန် ဗဟိုဘဏ်၏ ဒီဂျစ်တယ် ငွေကြေးများကို ဦးဆောင်လုပ်ကိုင်နေသည့် နိုင်ငံများတွင် ပါဝင်သည်။ 

အဆိုပါ ငွေကြေးစနစ်အား ဆူကျိုး၊ ရှန်ကျန်း၊ ချန်ဒူးနှင့် ကျိအန်း မြို့ကြီးများတွင် ယမန်နှစ်က စတင်အသုံးပြုခဲ့သည်။

ဒီဂျစ်တယ်ယွမ် ခေါ် e-CNY သည် ထုတ်ဝေ၊ ဖြန့်ချိရာတွင် လက်ရှိ ဘဏ္ဍာရေးစနစ်နှင့် ကိုက်ညီမှုရှိသလို၊ ဘဏ်လုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုများအား လျော့ချနိုင်သည်ကို တွေ့ရကြောင်း လီက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် e-CNY ၏ ဂေဟစနစ်ကို တိုးတက်စေရန်၊ လုံခြုံရေးနှင့် စိတ်ချယုံကြည်ရမှု ပိုမိုကောင်းမွန်စေရန်၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်များ ထူထောင်ရေးတို့ကို ဆက်လက် လုပ်ဆောင်သွားမည်ဟု နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းတွင် ပြုလုပ်သော Boao Forum တွင် လီက ပြောကြား ခဲ့သည်။ အဆိုပါ ဖိုရမ်ကို ကိုဗစ်ရောဂါကြောင့် ယမန်နှစ်က ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

တရုတ်နိုင်ငံသားများနှင့် လာမည့်နှစ်တွင် ကျင်းပမည့် ပေကျင်းဆောင်းရာသီ အိုလံပစ်သို့ လာရောက်မည့် ဧည့်သည်များက ဒီဂျစ်တယ် ငွေကြေးစနစ်ကို အသုံးပြုကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

e-CNY အား ပြည်တွင်းသုံးအတွက်သာ အဓိကရည်ရွယ်ထားသော်လည်း ရေရှည်တွင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု လီက ပြောသည်။

ယွမ်ငွေအား တစ်ကမ္ဘာလုံး အသုံးပြုနိုင်ရန် လုပ်ဆောင်ခြင်းသည် ပုံမှန်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အမေရိကန်ဒေါ်လာနှင့် အခြားကမ္ဘာ့ငွေကြေးများကို အစားထိုးရန် မဟုတ်သော်လည်း ဈေးကွက်က ရွေးချယ်သွားလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required