စီမံကိန်းကြီးများ လုံခြုံရေး ၊ နယ်စပ်​ဒေသတည်ငြိမ်​ရေး စစ်ကောင်စီနှင့် တရုတ် ဆွေးနွေး

By 001 (မဇ္စျိမ)
31 October 2023
စီမံကိန်းကြီးများ လုံခြုံရေး ၊ နယ်စပ်​ဒေသတည်ငြိမ်​ရေး စစ်ကောင်စီနှင့် တရုတ် ဆွေးနွေး

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန်ဦးဆောင်သည့်အဖွဲ့ နေပြည်တော်သို့ ယမန်​နေ့ အောက်တိုဘာလ ၃၀ ရက်​နေ့တွင် ရောက်ရှိလာပြီး စစ်​ကောင်စီနှင့် စီမံကိန်းကြီးများ လုံခြုံ​ရေး၊ နယ်စပ်​ဒေသ တည်ငြိမ်​အေးချမ်း​ရေး စသည့်ကိစ္စရပ်များကို ​တွေ့ဆုံဆွေးနွေးခဲ့​ကြောင်း သိရသည်။

ယမန်​နေ့ ​အောက်တိုဘာလ ၃၀ ရက်​နေ့က ကျင်းပခဲ့သည့် စစ်​ကောင်စီ ပြည်ထဲ​ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ​ရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား ခုနစ်ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ​ထိုသို့ ထည့်သွင်း​ဆွေး​နွေးခဲ့ခြင်းဖြစ်​ကြောင်း ယ​နေ့ ​အောက်တိုဘာလ ၃၁ ရက်​နေ့ထုတ် စစ်​ကောင်စီဝါဒဖြန့်​ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆက်သွယ်ရေးစနစ်အသုံးပြု လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထို့ပြင် လန်ချန်း- မဲခေါင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများဖမ်းဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး  သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန်လည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်​ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ တို့အပြင် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မစ္စတာဝမ်ရှောင်ဟုန်သည် ထိုအစည်းအဝေးမတိုင်ခင်က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့်အပြင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တနာရီကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်းကိုမူ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။

တရုတ်နိုင်ငံ​​တော်ကောင်စီဝင် ​မစ္စတာဝမ်​ရှောင်ဟုန် နေပြည်​တော်​ရောက်​ရှိနေချိန်တွင် ရှမ်းပြည်နယ်​မြောက်ပိုင်း၌ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)နှင့် ရက္ခိုင် (ULA / AA) ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်​ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသည်။

ညီ​နောင်မဟာမိတ်သုံးဖွဲ့နှင့် ပူး​ပေါင်းအဖွဲ့များက ​အောက်တိုဘာလ ၂၇ ရက်​နေ့ကစပြီး စစ်ဆင်ရေး ၁၀၂၇ ကို ဖော်ဆောင်နေကာ ​အောက်တိုဘာလ ၂၉ရက်​နေ့အထိ တရုတ်-မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော်မြို့အပြင် ရှမ်းပြည်​နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ် ၇၀ နီးပါးကို တိုက်ခိုက်သိမ်းယူထား​ကြောင်း The Kokang မီဒီယာ၏ ​ဖော်ပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly