NLD ကိုယ်စားလှယ်ကို ကြိုဆိုတဲ့ ဝက်လက် အလယ်တန်းကျောင်းက ကျောင်းသား ၄၀ ကျော် ရိုက်နှက် ဆုံးမခံရ

NLD ကိုယ်စားလှယ်ကို ကြိုဆိုတဲ့ ဝက်လက် အလယ်တန်းကျောင်းက ကျောင်းသား ၄၀ ကျော် ရိုက်နှက် ဆုံးမခံရ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စဉ် ကြိုဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးကို အလယ်တန်း ကျောင်းအုပ်ဆရာက ရိုက်နှက်ခဲ့သည်ဟုဆိုကာ ကျောင်းသားမိဘများက အောက်တိုဘာ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ် ပညာရေးမှူး ရုံးတို့သို့ လက်မှတ်ထိုး၍ တိုင်ကြားထားသည်ဟု ကျောင်းသား တစ်ဦး၏ မိခင် ဒေါ်နွဲ့က မဇ္ဈိမကို ပြောသည်။

“အရိုက် ခံရတာကို ကလေးက ကျွန်မတို့ကို မပြောဘူး။ ကျောင်း မတက်ချင်တော့ဘူး ပြောလို့မေးကြည့်မှ ရိုက်ပြီ သုံးရက်မြောက်နေ့မှ ဆရာကြီးက ရိုက်လို့ မသွားရဲတာလို့ ပြောတယ်။ ဒါနဲ့ရိုက်တဲ့နေရာကို ပြဆိုပြီး လှန်ကြည့်တော့ အညိုအမဲ အတော်ကြီးတယ်။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားပြောတော့ ပြေလည်အောင် မပြောဘဲ တိုင်ချင်ရာတိုင်လို့ ပြောလွှတ်လိုက်တယ်။ ဒါနဲ့ ရွာထဲမေးကြည့်တော့ အဲဒီနေ့ အကုန်ရိုက်ခံရတော့ မိဘတွေက မကျေမနပ်တွေ ဖြစ်ကုန်တယ်။ ဆရာတစ်ယောက် အနေနဲ့ရိုက်ပြီး ဆုံးမတာကို လက်ခံပါတယ်။ အခုရိုက်တာ NLD ကို ကြိုလို့ ရိုက်တယ် ဆိုတာကိုတော့ လက်မခံဘူး”ဟု ရိုက်နှက်ခံရသူ မောင်မျိုးမင်း၏ မိဘ ဒေါ်နွဲ့က ဆိုသည်။

ထိုသို့ အရိုက်ခံရသော ကျောင်းသားတစ်ချို့မှာ ဝက်လက်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက် ဆေးကုသမှုခံယူပြီး  ဆေးစာများဖြင့် မြို့နယ် ပညာရေးမှူးထံ သွားရောက်၍ ညိနှိုင်းဖြေရှင်းပေးရန် မိဘများက သွားရောက် ပြောဆိုသော်လည်း ညိနှိုင်းမှု ပြုလုပ်မပေးသောကြောင့် မိဘ များကတိုင်ကြားခြင်းဟုဆိုသည်။

ကျောင်းအုပ်ဆရာကို အရေးယူပေးရန် တိုင်ကြားစာထဲတွင် NLD  ကို ကြိုဆိုသော နေ့ဝက်ပျက် ကျောင်းသူ၊ ကျောင်းသား အယောက် ၄၀ ဦးကို ကျောင်းအလံတိုင်ရှေ့ တန်းစီး၍ တစ်ဦးချင်းစီ ထန်းလက်ဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်အထိ ရိုက်ခဲ့သောကြောင့် ထိရောက်စွာ အရေးယူပေးရန်ပါရှိပြီး တိုင်ကြားစာနှင့်အတူ ဆေးစာများဖြင့် ပူတွဲတိုင်ကြားထားသည်။

ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုယဉ်ထွေးကလည်း “ကလေးဆိုတာ ဘာမှ မသိဘူး။ ကြိုတာနဲ့တင် ရိုက်တယ်ဆိုတော့ ဒီလိုဆရာမျိုး ကျွန်တော်တို့ ရွာက အလိုမရှိပါဘူး။ အရေးယူမပေးမချင်း တိုင်ကြားမယ်။ ဒီဘက်ခေတ်မှာ သူတို့လုပ်ချင်သလို လုပ်လို့မရပါဘူး” ဟုပြောသည်။

ထိုသို့ ကျောင်းသူ၊ ကျောင်းသားများအား ရိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးက “ကြိုလို့ ရိုက်တယ်ဆိုတာက သူစွပ်စွဲတာပါ။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ကျောင်းချိန်မှာ ထွက်ကြိုလို့ ဆုံးမတာပါ။ ကျွန်တော်တို့ ဘယ်ပါတီဘက်ကမှ မပါဘူး။ ကျွန်တော့်ကျောင်းက ဆရာဆရာမတွေလည်း ပြောထားတယ်။ ကိုယ့်ရင်ထဲရှိတာကို မဲပေးကြပါ ပြောပြီးသားပါ။ ဆရာတစ်ယောက်အနေနဲ့ ရိုက်ပြီး ဆုံးမတာပါ။ သူတို့ ဘက်မကျေနပ်လို့ တိုင်လည်း ဖြေရှင်းသွားမှာပါ” ဟု ပြောသည်။

ထိုသို့ အရိုက်ခံရခြင်းကြောင့် တစ်ချို့မှာ ကျောင်းပြန်တက်ပြီး စာမေးပွဲ ဖြေဆိုကြသော်လည်း တစ်ချို့မှာ ယနေ့အချိန်ထိ ကျောက်တက်ခြင်း၊ စာမေးပွဲဖြေခြင်း မလုပ်ရဲဘဲ အိမ်မှာပင် နေနေရသည်မှာ ၉ ရက်ရှိပြီ ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသား မျိုးမင်းသူ က ဆိုသည်။

ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးကမူ “ကလေးတွေ ကျောင်းတက်ရင်လည်း ပြန်လက်ခံ မှာပါ။ သူတို့မိဘတွေက ကျောင်းမပို့တာကိုတော့ ကျွန်တော်ဘာမှ ပြောလို့မရဘူး။ အခုစာမေးပွဲ ဖြေနေတယ် သူတို့ လာမဖြေကြဘူး။ ကျောင်းက ဆရာမလေးတွေ သွားခေါ်တယ် လိုက်မလာကြဘူး။ ကျွန်တော်ကတော့ ကျွန်တော့်တပည့်တွေကို ထူးချွန် ထက်မြက် စေချင်တယ်။ ဒီအရွယ်မှာ ဘာအရောင်မပါစေချင်ဘူး။ အမေစု လာရင် ကျွန်တော်ကိုယ်တိုင် ထွက်ကြိုမှာပါ” ဟု မဇ္ဈိမ ကိုပြောသည်။

ဝက်လက်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အောင်နိုင်ရေး မဲဆွယ်စည်းရုံရေးအဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ဦးမြင့်သိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မျိုး၊ တိုင်းလွတ်တော် ကိုယ်စားလှယ်လောင်း(၁) ဦးမောင်မောင်ဝင်း၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်း(၂) ဦးစိုးဝင်ထွန်းတို့ သစ်ဆိမ့် ကျေးရွာသို့ အောက်တိုဘာလ ၁၅ ရက်က မဲဆွယ်စည်းရုံးရေးလာရာတွင် သစ်ဆိမ့် အလယ်တန်းကျောင်းခွဲမှ စတုတ္ထတန်းနှင့် အဌမတန်း ကျောင်းသူကျောင်းသား ၄၀ ဦးတို့ က ထွက်၍ ကြိုဆိုခဲ့သောကြောင့် ကျောင်းအုပ်ဆရာကြီး အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ခေါ်ယူ၍ တန်းစီးကာရိုက်နှက်ခဲ့ခြင်းဟု အရိုက်ခံရသည့် အဌမတန်း ကျောင်းသူ မပန်းအိဝေ  က ဆိုသည်။

“သမီးတို့က သီချင်းတွေနဲ့ လှည့်လာတော့ ထွက်ကြိုကြတယ်။ လိုက်လည်းကြည့်တယ်။ ပြီးတော့ သမီးတို့က ဝင်လည်းကကြတယ်။ ညနေပိုင်း တစ်ချိန်တော့ စာသင်ချိန် ပျက်သွားတယ်။ နောက်မနက်ကျတော့ အကုန်တန်းစီပြီး ထန်းလက်ပြားနဲ့ ရိုက်တယ်။ လွှဲရိုက်တယ်။ အရိုက်ခံရလို့ မူးလဲတာတွေလည်း ရှိတယ်။ ဆရာကြီး အကုန်နှင်လွှတ်တယ်။ဒါကြောင့် ဒီနေ့အထိ ကျောင်းလဲမတက်ရဲဘူး။ စာမေးပွဲလည်းသွားမဖြေရဲဘူး” ဟု ပြောသည်။

အဆိုပါ ကျေးရွာသို့ မဲဆွယ်စည်းရုံးရာတွင် ပါဝင်သည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဝင်းက “အခုဖြစ်ရပ်က အဓိပ္ပါယ် မရှိပါဘူး။ ဒါမျိုးမဖြစ်သင့်ဘူး။ မိဘတွေ တိုင်ကြားတဲ့စာ ကျွန်တော့်ကို လာပြတယ်” ဟုပြောသည်။ ဝက်လက်မြို့နယ် မြို့နယ်ပညာရေးမှူး က အဆိုပါကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံ မသိရှိရသေးဟုဆိုကာ ဖြေဆိုရန်ငြင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required