ဖျာပုံအကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် CDM ဝန်ထမ်းအပါအဝင် အမျိုးသား ၇ ဦး သေဒဏ်ချမှတ်ခံရ

By မင်းထက်(မဇ္စျိမ)
21 October 2023
ဖျာပုံအကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် CDM ဝန်ထမ်းအပါအဝင် အမျိုးသား ၇ ဦး သေဒဏ်ချမှတ်ခံရ
ပုံအညွှန်း - သေဒဏ်ချမှတ်ခံရသူများအနက် ဦးဝဏ္ဏထွန်းနှင့် ကိုစံလင်းစံ

ဧရာဝတီတိုင်း ၊ဖျာပုံအကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် CDM ဝန်ထမ်းတဦးအပါအဝင် စုစုပေါင်း ခုနစ်ဦး ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်က သေဒဏ်ချမှတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံက သိရသည်။

ဖျာပုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ CDM တွင်ပါဝင်ထားသူ အသက် ၄၆ နှစ်အရွယ် ဦးဝဏ္ဏထွန်းအပါအဝင် အသက်၃၀ နှစ်အရွယ် ဦးစံလင်းစံ၊အသက် ၃၀ နှစ်အရွယ် ဦးကိုကိုအောင်၊အသက် ၂၃ နှစ်အရွယ် ဦးကျော်ဆန်းဦး၊အသက် ၂၆ နှစ်အရွယ် ဦးသူရဖြိုး(ခ)ဝတုတ်၊ အသက် ၂၈ နှစ်အရွယ် ဦးထွန်းထွန်းဦး(ခ)စနေ နှင့် အသက် ၂၄ နှစ်အရွယ် ဦးအောင်မိုးမြင့်(ခ)အေးမင်းသူ တို့ သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ ခုနစ်ဦးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၄ ရက်နေ့က ဖျာပုံမြို့၊ အမှတ် (၁၅)ရပ်ကွက်တွင် နေထိုင်သူ စစ်မှုထမ်းဟောင်း ဦးလူမင်း သေနတ်ဖြင့်ပစ်ခတ်ရှင်း လင်းခံရမှုတွင် ကျူးလွန်သူများဟုဆိုကာ ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားတဦး၏ မိသားစုဝင်ကပြောသည်။

"အားလုံးကို သေဒဏ်နဲ့ ထောင်ဒဏ် ၄၅ နှစ်စီ အမိန့်ချတာပါ။ပုဒ်မ ၃၀၂-၁(ခ)နဲ့ သေဒဏ်ချတာ၊ကျန်တဲ့ ထောင်ဒဏ်တွေကတော့ အကြမ်းဖက်ပုဒ်မတွေနဲ့ အမိန့်ချခံရတာလို့သိရတယ်"ဟု နိုင်ကျဥ်းတစ်ဦး၏ မိသားစုဝင်က ပြောသည်။

ယင်းအပြင် အောက်တိုဘာလ ၂၀ ရက်နေ့က ဖျာပုံခရိုင်မှ နောက်ထပ် အမျိုးသား ခုနစ်ဦးလည်း အကြမ်းဖက်ဥပဒေပုဒ်မများဖြင့်  နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်ဟု နိုင်ကျဥ်းမိသားစုဝင်ကဆိုသည်။

ပုံအညွှန်း - သေဒဏ်ချမှတ်ခံရသူများအနက် ဦးဝဏ္ဏထွန်းနှင့် ကိုစံလင်းစံ

ဖျာပုံခရိုင်မှ ကိုဝင်းမြတ်သိန်းဇော်အား ထောင်ဒဏ် ၄၅ နှစ်၊ ကိုဟိန်းသူလွင်အား ထောင်ဒဏ် ၅၅ နှစ်၊ ကိုကောင်းစည်သူအား ထောင်ဒဏ် ၃၅ နှစ်၊ ကိုကျော်ကိုကိုအား ထောင်ဒဏ် ၃၅ နှစ်၊ကိုဇော်မြင့်သူအား ထောင်ဒဏ် ၃၅ နှစ်၊ ကိုကျော်သူရအား ထောင်ဒဏ် ငါးနှစ်နှင့် ကိုရဲဇော်ထက်အား ထောင်ဒဏ် ငါးနှစ် ဖြင့် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

သေဒဏ်ချမှတ်ခံရသူ ခုနစ်ဦးနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ခုနစ် ဦးသည် ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာ လတို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖျာပုံအကျဥ်းထောင်တွင် အကျဥ်းချခံထားရသူများဖြစ်သည်ဟု နိုင်ကျဥ်းမိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

"တချို့က ရန်ကုန်မှာအဖမ်းခံရတာ ၊တချို့ကတော့ ဖျာပုံခရိုင်ထဲမှာပဲ အဖမ်းခံရတာပါ။ စစ်တပ်နဲ့ ရဲတွေဘက်ကတော့ သူတို့ ၁၄ ယောက်လုံးကို PDF တွေလို့ စွပ်စွဲထားတယ်။ပြီးတော့ သူတို့အားလုံး အမှုကျန်တွေ ရှိသေးတယ်၊ ထပ်ပြီးအမှုရင်ဆိုင်ရဦးမယ်"ဟု နိုင်ကျဥ်းမိသားစုဝင် နောက်ထပ်တဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံရဲများက အဆိုပါ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးကို ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ အသက် ၂၀ ဝန်းကျင် လူငယ်လေးဦးနှင့် စက်တင်ဘာလ ၂၈ ရက်နေ့က ဘိုကလေးမြို့နယ်နှင့် မအူပင်မြို့နယ်တို့မှ အမျိုးသား သုံးဦးကို လူသတ်တရားခံများဟု စွပ်စွဲကာ ဖျာပုံခရိုင်တရားသူကြီးကပင် သေဒဏ်ချမှတ်ခဲ့သေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၅၆ ဦး ရှိနေပြီဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလက အင်းစိန်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်ကိုကျော်မင်းယု(ခ)ဦးဂျင်မီ၊ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ဖူးသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။        ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly