၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ပြီးမှသာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနိုင်မည်ဟု စစ်ခေါင်းဆောင်ပြော

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
03 September 2023
၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ပြီးမှသာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနိုင်မည်ဟု စစ်ခေါင်းဆောင်ပြော
ပုံအညွှန်း- ရွေး‌ကောက်ပွဲအတွင်း မဲလက်မှတ် ရေတွက်စဉ်(ဓာတ်ပုံ-AFP)

လာမည့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့်  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုပြီးမှသာ ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင်ပြောခဲ့သည်။

သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရန်အတွက်  ယခု ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ပြင်ဆင်သွားမည်ဟု ၎င်းကပြောကြားခဲ့သော်လည်း ယခုနှစ်ကုန်ရန် သုံးလသာ ကျန်ရှိတော့သည်။ စစ်ကောင်စီက ရွေးကောက်ပွဲ မှန်မှန်ကန်ကန်ပြုလုပ်နိုင်ရန် မဲစာရင်းသည် အရေးကြီးကြောင်း၊ မဲစာရင်းပြုစုနိုင်ရန် သန်းခေါင်စာရင်းကောက်ရန် လိုအပ်ကြောင်း ပြောသည်။ 

ယခု၂၀၂၃ ခုနှစ် သြဂုတ်လတွင် ရွေးကောက်ပွဲလုပ်မည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။  စစ်ခေါင်းဆောင်က တရုတ်ပိုင် ဆင်ဟွာသတင်းဌာနသို့ ဥပဒေအရ ကာလများကို တွက်ကြည့်ပါက ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း   ရွေးကောက်ပွဲ ပြီးစီးရမည်ဖြစ်ပြီး  ရုရှားပိုင် RIA သို့  ထိုကာလတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန် စီစဥ်ချိန် လုံလောက်ကြောင်း ပြောဆိုထားသည်။ 

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူထုက စိတ်ဝင်စားမှုမရှိသကဲ့သို့ ၎င်းတို့၏သန်းခေါင်စာရင်းကောက်ခံမှုသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောက်က မဇ္ဈိမကိုပြောသည်။

"သန်းခေါင်စာရင်းကောက်ဖို့က ကျနော်ထင်တယ်။ မြို့ကြီးတွေလောက်က လွဲလို့ အခုတိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက်တခုကကျတော့ မြို့ကြီးတွေမှာပင်လျှင် မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားဆောင်ရွက်မှုတွေ ရှိနေတယ်။ နောက်တစ်ခုက မြို့ပြလူထုရဲ့ နိုင်ငံရေးအရနိုးကြားမှုကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူးလို့ယုံကြည်တယ်” ဟုပြောသည်။

သန်းခေါင်းစာရင်းကောက်ယူနိုင်မှသာလျှင် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများမှန်ကန်စွာထုတ်ပြန်နိုင်မည်ဟု စစ်ကောင်စီကဆိုသည်။

ထို့ကြောင့် ၂၀၂၃ခုနှစ်တွင်ရွေးကောက်ပွဲလုပ်ပေးမည်ဟု ပြောဆိုထားသည့်  စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်းစာရင်းထွက်လာပြီးတော့မှသာ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက်အရေးကြီးသည့်မဲစာရင်းကို  ပြုလုပ်မည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ခံ အရပ်သား နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းယူထားသည့် စစ်ကောင်စီက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့များက ကန့်ကွက်ထားကြသည်။

စစ်ကောင်စီခေါင်းဆောင်က သန်းခေါင်းစာရင်းကောက်ယူမှုများနှင့် မဲစာရင်းများကောက်ယူမှုများအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည်အရေးကြီးကြောင်း ၎င်းတို့၏အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသည်။ ၎င်းတို့ဆိုလိုသည့် နယ်မြေတည်အေးချမ်းမှုမရှိသည့် မြို့နယ်များမှာ တော်လှန်ရေးအဖွဲ့များအသာစီးရနေသည့်နေရာများပင်ဖြစ်သည်။ 

ပြီးခဲ့သည့် ကာလုံအစည်းအဝေးတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ ဆိုသော အကြောင်းပြချက်ဖြင့် သက်တမ်းထပ်တိုးခဲ့သည့် စစ်ကောင်စီသည် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး  ချပြခဲ့သည့် စဥ်းစားချက် ၂ ချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် အကြားအလပ်မရှိ ရွေးကောက်ပြုလုပ်ရေးနှင့် မြို့နယ်အချို့ကို ချန်လှပ်ပြီးရွေးကောက်ပွဲပြုလုပ်ရေးတို့ပင်ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly