စစ်ကောင်စီက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲမယ်လို့ ပြောဆိုနေပေမယ့် အင်အားကြီးပါတီတွေကိုတော့ မှတ်ပုံတင်ခွင့် ချမပေး

By မဇ္ဈိမ 
25 August 2023
စစ်ကောင်စီက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲမယ်လို့ ပြောဆိုနေပေမယ့် အင်အားကြီးပါတီတွေကိုတော့ မှတ်ပုံတင်ခွင့် ချမပေး

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ စစ်ကောင်စီရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အလေးပေးပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကနေစပြီး ပါတီတွေပေါ် ဖိနှိပ်ထားတဲ့ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကိုပြဌာန်းကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားကြဖို့ဖိတ်ခေါ်ခဲ့ပေမယ့် ယခုအချိန်ထိ အင်အားကြီးမားတဲ့၊အင်အားကြီးထွားနိုင်တဲ့ပါတီတွေကိုလွယ်လွယ်ကူကူနဲ့မှတ်ပုံတင်ချမပေးတဲ့ အခြေအနေရှိနေပါတယ်။

ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ပြောဆိုတာဟာ ယုံကြည်နိုင်စရာမရ်ှသလို ခေတ်နဲ့ မဆီလျော်တော့ဘူးလို့ တုံ့ပြန်ထားကြပါတယ်။

လက်ရှိမှာနိုင်ငံရေးပါတီပေါင်း ၃၆ ပါတီကိုမှတ်ပုံ တင်ခွင့်ပြုထားပြီးဖြစ်ပေမယ့်  ANPအပါအဝင်အရင်ရွေးကောက်ပွဲတွေတုန်းက နေရာအများအပြားအနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီကြီးတွေကိုတော့ မှတ်ပုံတင်ချထားမပေးသေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တော့ လိုအပ်တဲ့ စိစစ်မှုတွေပြုလုပ်ပြီးတဲ့အခါမှာ မှတ်ပုံတင်ခွင့်ပြုပေးသွားမယ်လို့ ပြီးခဲ့တဲ့ဩဂုတ် လ ၂၂ ရက်က ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ပြုထားတဲ့ပါတီ ခုနစ်ပါတီနဲ့ တိုင်းနဲ့ပြည်နယ်အဆင့် ခွင့်ပြုထားတာ ၂၉ ပါတီရှိတယ်လို့ ပြောပါတယ်။ 

မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၃၆ ခုမှာ ပါတီအသစ် ခြောက်ပါတီ ပါဝင်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

အဲဒီအထဲမှာ စစ်တပ်ရဲ့ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊စစ်ကောင်စီအဖွဲ့ဝင် ဒေါ်သက်သက်ခိုင် တည်ထောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့နဲ့ ယခင်ရွေး ကောက်ပွဲတွေတုန်းက တစ်နေရာမှအနိုင်မရခဲ့တဲ့ပါတီငယ်တွေအများစု ပါဝင်နေတာ တွေ့ရပါတယ်။

အဲဒီအပြင်မှတ်ပုံတင်ခွင့်ပြုချက်ရထားတဲ့ ပါတီအများစုဟာ စစ်တပ်ကျော ထောက်နောက်ခံကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်တဲ့ပါတီတွေ ဖြစ်ကြပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ မဖြစ်မနေလုပ်ရင် ပြည်သူအများစုက ထောက်ခံမှာ မဟုတ်ဘဲ ပူးပေါင်းပါဝင်မှု အားနည်းမယ်လို့ ဒီမိုကရေစီအင်အားစုတွေက တွက်ဆပါတယ်။ 

စစ်ကောင်စီဘက်တော့ ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝန်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကို စာရင်းကောက်ယူပြီးဖြစ်တယ်လို့ ဇွန်လက ကြေညာထားပါတယ်။

မဲစာရင်းအကြောင်းပြကာ အရပ်သားအစိုးရလက်ထဲကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အာဏာ သိမ်းချိန်ကတည်းက ရွေးကောက်ပွဲအတွက် ပြင်ဆ င်မှုတွေ လုပ်နေခဲ့ပေမယ့် အဆင်သင့်မဖြစ်နိုင်သေးလို့ အရေးပေါ်ကာလတွေကို တစ်ခုပြီးတစ်ခု ထပ်တိုးယူနေရတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ထောက်ပြကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly