ဖျူထိုင်းပါတီအား ထောက်ခံရန် ရှေ့သို့ချီပါတီ ငြင်းဆန်

ဖျူထိုင်းပါတီအား ထောက်ခံရန် ရှေ့သို့ချီပါတီ ငြင်းဆန်
A supporter of Move Forward Party during the general election in Bangkok, Thailand [File: Sakchai Lalit/AP Photo]

ထိုင်းနိုင်ငံတွင် လာမည့်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ညွန့်ပေါင်းမဟာမိတ်ဟောင်း ဖျူထိုင်းပါတီ၏ ကြိုးပမ်းမှုကို ထောက်ခံရန် ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီက ငြင်းဆန်ပြီး ရွေးကောက်ပွဲရလဒ်ကို ပုံပျက်စေခြင်းအဖြစ် ပြောဆိုသည်။

စစ်တပ်ဦးဆောင်သော သို့မဟုတ် ကျောထောက်နောက်ခံပြုသော အစိုးရ၏ ကိုးနှစ်ကြာ အုပ်ချုပ်မှုကို ပယ်ချခြင်းအဖြစ် မေ ၁၄ ရက် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီများကို အပြတ်အသတ် အနိုင်ဖြင့် တိုးတက်ရေးပါတီ ရှေ့သို့ချီပါတီက အနိုင်ရခဲ့ခြင်းဖြစ်ကာ ဖျူထိုင်းပါတီက ဒုတိယကပ်လိုက်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ အစိုးရဖွဲ့စည်းရေးဟာ ပြည်သူတွေရဲ့ အသံကို မထင်ဟပ်ဘူး၊ ပြီးတော့ ရွေးကောက်ပွဲက ပြည်သူ့ဆန္ဒကို ပုံပျက်စေတာပဲ ဖြစ်တယ်”ဟု ရှေ့သို့ချီပါတီ အတွင်းရေးမှူးချုပ် ချက်တာဝတ် တူလက်သွန်က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြီးခဲ့သည်လအတွင်းက ရှေ့သို့ချီပါတီမှ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်၏ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံမှုကို ဘုရင်စနစ် ထောက်ခံသည့် စစ်တပ်ဩဇာလွှမ်းမိုးမှုဖြင့် လွှတ်တော်နှစ်ရပ်က ပယ်ချလိုက်ခြင်းကြောင့် ရှေ့သို့ချီပါတီနှင့် ဖျူထိုင်းပါတီတို့ကြား မဟာမိတ်ပြုမှုက ပြိုကွဲခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီ၏ ကြိုးပမ်းမှုကို အမျိုးသားလွှတ်တော်၌ နှစ်ကြိမ်တိုင် ပိတ်ဆို့ခံရသည့်နောက်တွင် အစိုးရဖွဲ့နိုင်ရေးအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာနှင့် ဆက်စပ်သည့် ဖျူထိုင်းပါတီက ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ကြိုးပမ်းလာခြင်း ဖြစ်သည်။

မေရွေးကောက်ပွဲ၌ စစ်တပ်နောက်ခံသော အုပ်ချုပ်သူများကို အတိုက်အခံပါတီများက အနိုင်ရခဲ့ချိန်မှစကာ အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအကြီးဆုံး ထိုင်းနိုင်ငံ၌ နိုင်ငံရေးမရေရာမှုများဖြင့် ကြုံကြိုက်နေရသည်။

အစိုးရကို ဦးဆောင်နိုင်ရေး ကျိန်းသေရန် ဖျူထိုင်းပါတီသည် ရှေ့သို့ချီပါတီအား အသာစီးယူနေကြောင်း ဝေဖန်သူများက စွပ်စွဲကြသည်။

ဖျူထိုင်းပါတီကမူ ရှေ့သို့ချီပါတီအား လွှတ်တော်အမတ်များ၏ ထောက်ခံမှု မရှိခြင်း ရှင်းရှင်းလင်းလင်း သိရချိန်မှ ထောက်ခံမှုကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း အတိအလင်း ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly