ကြံ့ခိုင်ရေးမှာ သမ္မတ လုပ်နိုင်သူ များစွာရှိ အချင်းချင်း ရန်ဖြစ်မည်စိုး၍ ထုတ်မပြောဟု ဦးဋ္ဌေးဦးဆို

ကြံ့ခိုင်ရေးမှာ သမ္မတ လုပ်နိုင်သူ များစွာရှိ အချင်းချင်း ရန်ဖြစ်မည်စိုး၍ ထုတ်မပြောဟု ဦးဋ္ဌေးဦးဆို

အဓိက အတိုက်အခံ ပါတီကြီး NLD က သမ္မတလောင်းကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးချိန်၊ သမ္မတ တင်မြှောက်ရန် အကန့်အသတ်များ ဖြစ်နေချိန်တွင် ပြိုင်ဘက် ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ ဦးဋ္ဌေးဦးက သူဦးဆောင်သည့် ပါတီတွင် သမ္မတ လုပ်နိုင်သူ များစွာရှိနေသည်ဟု ပြောဆိုလိုက်သည်။

 “ကျွန်တော်တို့ဘက်မှာကတော့ အားသာချက်ရှိတယ်။ အဲ့ဒီအားသာချက်က ဘာလည်းဆိုရင် တစ်ယောက်ထက်မကရှိတယ်” ဟု သမ္မတနေရာကို ရည်ညွှန်းပြီး ပါတီ၏ ဒုတိယဥက္ကဌ(ပူးတွဲဥက္ကဌ)ဦးဌေးဦးက အောက်တိုဘာ ၁၀ရက်တွင် ပြောသည်။

ကပ်ကြီး(၃)ပါး ကျော်လွှားနိုင်ရန်ဟုဆိုကာ ကြံ့ခိုင်ရေးက စတုဒီသာကျွေး

“ကျွန်တော်တို့က ဘာကိုယုံသလဲဆိုရင် ဒီကျွေးမွေးလိုက်တဲ့ဟာကို စားလိုက်မယ်ဆိုရင် အန္တရာယ်ကင်းမယ်။ ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်မယ်၊ သဘာဝဘေးအန္တရာယ်ကိုလည်း မကျရောက်နိုင်ဘူးလို့ ဒီလိုယုံတယ်” (ဦးဌေးဦး)(ရိုက်ကူး - မင်းမင်း/မဇ္ဈိမသတင်းဌာန)

Posted by Mizzima - News in Burmese on Saturday, 10 October 2015

 နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှစေတီတွင် ကပ်ကြီးသုံးပါး ကျေးလွှားနိုင်ရန်ဟူသော အဓိဌာန်ဖြင့် ဦးဌေးဦးနှင့် ၎င်း၏ဇနီးတို့ ဦးဆောင်ပြုလုပ်သော စတုဒီသာအလှူပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပါတီတွင် သမ္မတလုပ်နိုင်သူအများအပြားရှိသည်ဟုဆိုသော ဦးဌေးဦးက ၎င်းကိုယ်တိုင်မှာမူ သမ္မတတာဝန်ယူ ရန် ဆန္ဒမရှိဟု ထုတ်ဖော်ပြောဆိုသည်။

 “ကျွန်တော့ဆန္ဒကတော့ မလုပ်ချင်ဘူး။ ကျွန်တော့ဟာကျွန်တော် လူတွေကြားထဲမှာ လွတ်လွတ်လပ်လပ် နေရတာ ပိုပြီးကောင်းတယ်။ လူတွေကြားထဲမှာ ပျော်တယ်။ သို့သော်လည်းပဲ တာဝန်ပေးလို့ လုပ်ရမယ်ဆိုရင် လည်း ကျန်တဲ့သူတွေလုပ်မှာပေါ့။ လုပ်နိုင်တဲ့သူတွေ အများအပြားရှိပါတယ်” ဟု ၎င်းက ဆိုသည်။
 
ဝါရင့်အတိုက်အခံပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း သမ္မတလောင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း သမ္မတဖြစ်ခွင့် မရှိပေ။
 
အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)သည် နိုင်ငံခြားသား ခင်ပွန်းနှင့် သားနှစ်ယောက်ရှိသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်။
 
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ရွေးကောက်ပွဲတွင် NLDပါတီ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါက အဆိုပါအစိုးရအဖွဲ့ကို ဦးဆောင်ပဲ့ကိုင်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ခဲ့သည့် ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်တွင် ပြောဆိုထားသည်။
 
သမ္မတတာဝန်ကိုထမ်းဆောင်နိုင်သူ များစွာရှိသည်ဆိုသော ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ ဥက္ကဌမှာ လက်ရှိသမ္မတဦးသိန်းစိန်ဖြစ်ပြီး ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပါတီအကြီးအကဲစာရင်းတွင် ဒုတိယဥက္ကဋ္ဌ(ပူးတွဲဥက္ကဋ္ဌ)အဖြစ် ဦးဌေးဦးနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်နိုင်သိန်းတို့က တာဝန်ယူထားသည်။
 
ထို့ပြင် ပါတီ၏ဗဟိုအလုပ်အမှုဆောင်များအဖြစ် တပ်မတော်အကြီးအကဲဟောင်းများဖြစ်သော ဦးလှဌေးဝင်း၊ သူရဦးသက်ဆွေ၊ ဦးဝေလွင်၊ ဦးမြင့်စိုးနှင့် ဦးမြတ်ဟိန်းတို့ကိုလည်း အသီးသီး တာဝန်ပေးထားသည်။
 
လက်ရှိတွင်မူ သမ္မတတာဝန်ယူရန် ပါတီတွင် ရွေးချယ်ထားခြင်းမရှိသေးဘဲ ရွေးကောက်ပွဲအနိုင်ရမှသာ ရွေးချယ်မည်ဟု ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။ “မနိုင်ခင် ဟိုလူကလုပ်မယ်၊ ဒီလူက လုပ်မယ်ဆို ဘယ့်နှယ်လုပ်မလဲ၊ အချင်းချင်းရန်ဖြစ်နေမှာပေါ့” ဟု ဦးဌေးဦးက ဆိုသည်။
 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required