မန္တလေး(ဇွန်လ ၁၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ ကျုံးပတ်လည်ရှိ လမ်းလယ်ကျွန်းများတွင် ငုဝါပင်များ စိုက်ပျိုးခြင်းဖြင့် မန္တလေးမြို့၏ ၂၀၁၉ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ဇွန်လ ၁၅ရက်၊ နံနက်ပိုင်းက စတင်လိုက်သည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဦးဆောင််ကာ စိုက်ပျိုးခြင်း ဖြစ်ပြီး အပတ်စဉ် စိုက်ပျိုးသွားမည် ဖြစ်သည်။
“ကျုံးပတ်လည် လမ်းလယ်ကျွန်းက တယ်ပင်တွေကြားမှာ ငုဝါပင်တွေ စိုက်တာပါ။ သစ်ပင်စိုက်ပွဲကို စည်ပင်သာယာရေးကော်မတီ အနေနဲ့ အပတ်စဉ် စိုက်ပျိုးသွားပါမယ်” ဟု ဒေါက်တာရဲလွင်က ပြောသည်။
ဌာနဆိုင်ရာများက သတ်မှတ်ပေးထားသည့် နေရာများတွင်မူ နေ့စဉ် စိုက်ပျိုးသွားမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် စိုက်ပျိုးလိုသူများကိုလည်း ပျိုးပင်များ ဝေငှသွားမည်ဟု ၎င်းက ဆိုသည်။
သစ်ပင်စိုက်ပျိုးသူသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ပျိုးပင်ရရှိရေးအတွက် မြို့နယ်အသီးသီးရှိ စည်ပင်သာယာရေးကော််မတီများထံတွင် တင်ပြတောင်းခံနိုင်သည်။
“တင်ပြတောင်းခံထားတဲ့ ကျောင်းတွေနဲ့ ရပ်ကွက်တွေကို စီစဉ်ပြီး ပေးဝေနေပါတယ်။ အပင်များရင် စီမံချက်တင်ခိုင်းပါတယ်။ နေရာကျယ်ရင် စည်ပင်က ကူစိုက်ပေးပါမယ်” ဟု ဒေါက်တာရဲလွင်က ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ယခုနှစ် မိုးရာသီတွင် သစ်ပင်ပေါင်း ၇၈၉၃၅ ပင် စိုက်ပျိုးသွားမည် ဖြစ်သည်။
မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အရိပ်ရသစ်ပင် နည်းပါးနေသည့် မြို့နယ်(၆)မြို့နယ်ကိုမူ အရိပ်ရအပင်ပေါင်း ၁၅၁၀၀ စိုက်ပျိုးရန် လျာထားသည်။
“မြို့သူ၊ မြို့သားတွေအနေနဲ့ လိုအပ်တယ်ထင်လို့ စိုက်စေချင်တဲ့ နေရာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြို့နယ်စည်ပင်ရုံးတွေကို အကြောင်းကြားရင် ပျိုးပင်များ ဝေပေးမှာ ဖြစ်သလို စည်ပင်ကို စိုက်စေချင်ရင်လည်း မြေကျင်းတူး၊ မြေဆွေးထည့်၊ အပင်စိုက်တာတွေ အားလုံး စည်ပင်က လုပ်ပေးပါမယ်” ဟု မြို့တော်ဝန်က ပြောသည်။
စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရန် နေ့စည် ရေလောင်း၊ ပေါင်းသင်၊ မြက်နုတ်ခြင်းနှင့် သေသွားသည့် အပင်များကို စည်ပင်ဝန်ထမ်းများက အသစ်လဲလှယ်သွားမည် ဖြစ်ကာ မန္တလေးမြို့တော် တစ်ခုလုံး စိမ်းလန်းလာအောင် ကြိုးစားဆောင်ရွက်မည်ဟု ဒေါက်တာရဲလွင်က ကြွေးကြော်ခဲ့သည်။