ဇူလိုင်လအတွင် စက်သုံးဆီဈေး ကျပ် ၃၀၀ ခန့် တက်

By 007 (မဇ္စျိမ)
30 July 2023
ဇူလိုင်လအတွင် စက်သုံးဆီဈေး ကျပ် ၃၀၀ ခန့် တက်

ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများဆက်တိုက်မြင့်တက်နေပြီး ဇူလိုင်လအတွင်း တလီတာလျင်  ကျပ် ၃၀၀ ခန့်အထိ ဈေးမြင့်တက်ခဲ့ကြောင်း မန္တလေးစက်သုံးဆီဈေးကွက်မှသိရသည်။

“ပုံမှန် တက်လိုက်ကျလိုက် အခြေအနေကနေ ၂၀,၀၀၀ တန်ဂယက်ထပြီး နောက်ရက်တွေမှာ ဈေးထိုး တက်သွားတာ တလအတွင်း ၃၀၀ လောက် ဈေးတက်သွားတယ်။ ဒါက ဓာတ်ဆီဈေးပေါ့နော် ဒီဇယ်ဆိုရင် ဇွန် ၃၀ ရက်ပေါက်ဈေးနဲ့ ဒီနေ့ပေါက်ဈေး ၄၀၀ လောက်ကွာတယ်” ဟု စက်သုံးဆီရောင်းဝယ်သူတဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ် ဝေမည်ဖြစ်ကြောင်းကြေညာအပြီးတွင် ရွှေဈေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ခဲ့ပြီးနောက် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

လအတန်ကြာငြိမ်နေခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဇူလိုင်လပထမပတ်မှစ၍ တရိပ်ရိပ် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမြင့်ဈေး၌တန့်နေကြောင်း သိရသည်။

ယမန်နှစ် မေလမှသြဂုတ်လတွင်းကလည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း စံချိန်တင်ဈေးမြင့်တက်ခဲ့ဖူး သည်။ ထိုစဉ်က ဓာတ်ဆီအောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၂,၆၀၀ ကျော်အထိ ပေါက်ဈေးဖြစ်ခဲ့ပြီး အောက်တိန်း 95 မှာ ပစ္စည်းပြတ်လပ်သည် အထိဖြစ်ခဲ့သည်။

“တဒေါ်လာကို ၂,၁၀၀ ကျပ်သတ်မှတ်လိုက်ပြီး နောက်တရက်မှာ ဆီဈေး ရုတ်တရတ်ထိုးတက်သွား တယ်။ အဲဒီတုန်းက ကားတစီးကို ၂၀,၀၀၀ ဖိုးပဲရောင်းပေးပြီး 95 ဆိုရင် ဆီလုံးဝပြတ်သွားတယ်။ ငါး လပိုင်း လောက်ကနေ ဈေးစတက်တာ ရှစ်လပိုင်းမှာ ၂၆၀၀ ကျော်သွားတယ်။ အဲဒါ ပုံမှန် ၂,၀၀၀ ၀န်းကျင် ကနေ ဈေးထိုးတက်သွားတာ။ ဒီနှစ် မနှစ်ကလိုအခြေအနေပြန်ဖြစ်မလား၊ ပိုဆိုးလာမလား ဆိုတာ ကတော့ လူ တွေလက်ထဲ ၂၀,၀၀၀ တန်ရောက်ပြီးမှ သိရမှာ” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မန္တလေးမြို့တွင် ယနေ့ ဇူလိုင် ၃၀ စက်သုံးဆီဈေးများမှဦ ဓာတ်ဆီအောက်တိန်း 92 တလီတာလျှင် ၂,၂၈၀ ကျပ်၊ 95 တလီတာလျှင် ၂,၃၉၅ ကျပ်နှင့် ဒီဇယ်တလီတာလျှင် ၂,၃၆၀ ကျပ်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့က 92 တစ်လီတာလျှင် ၁,၉၉၀ ကျပ်၊ 95 တလီတာလျှင် ၂,၀၈၅ ကျပ်နှင့် ဒီဇယ်တလီတာလျှင် ၁,၉၇၅ ကျပ် ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly