မန္တလေးတွင် မြ၀တီဘဏ် ဗုံးပစ်တိုက်ခိုက်ခံရ ၊ ၁ ဦးသေ ၂ ဦး ဒဏ်ရာရ ဟုဆို

By 007(မဇ္စျိမ)
17 September 2023
မန္တလေးတွင် မြ၀တီဘဏ် ဗုံးပစ်တိုက်ခိုက်ခံရ ၊ ၁ ဦးသေ ၂ ဦး ဒဏ်ရာရ ဟုဆို
ပုံစာ - ဗုံးပစ်ခံခဲ့ရသည့် မြ၀တီဘဏ် (Photo CJ)

မန္တလေးမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီပိုင် မြ၀တီဘဏ် ဗုံးပစ် တိုက်ခိုက်ခံရပြီး တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

“နေ့လယ် ၁ နာရီလောက်ဖြစ်တာ၊ အုန်းကနဲ တချက်ကြားလိုက်တယ်။ ထွက်ကြည့်တဲ့အချိန်မှာ ရပ်ကွက် အုပ်ကြီးနဲ့ ရဲလေးငါးခြောက်ယောက်လောက် ရောက်နေပြီ။ ဘဏ်ရှေ့မှာ နှစ်ယောက်သုံးယောက် လောက် လဲကျနေတယ်၊ စစ်သားလား ရဲလားတော့ မသဲကွဲဘူး၊ တယောက်သေတယ် ပြောတယ်။ ဆေးရုံ ကားနဲ့လာသယ်သွားတာ ဒီနားကလူတွေ အကုန်မြင်တယ်” ဟု လုံခြုံရေးအရအမည် ဖော်ပြလိုခြင်းမရှိ သည့် ဒေသခံတဦးကပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်း၊ ၂၆ ဘီ လမ်းနှင့် ၂၇ လမ်းကြားရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်ရှေ့တွင်အစောင့်ချထားသော စစ်ကောင်စီတပ် သားများအား အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့်လာရောက်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော No More Dictatorship People Defence Force-NMD ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် သတင်း ထုတ်ပြန်လာသည်။

ငွေကြေးဖောင်းပွမှုဖြစ်စေမည့် တရားမ၀င် ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည့် စစ်ကောင်စီ၏အစီအစဉ် အား အနှောင့်အယှက်ပေးရန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများထိခိုက်မှုမရှိစေရန် ရုံးပိတ်ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်မှတဦးသေပြီးနှစ်ဦးဒဏ်ရာရခဲ့ကြောင်း အတွင်းသတင်းအရ သိရ သည်ဟုလည်းဖော်ပြထားပြီး စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ လူအထိ အခိုက်မရှိကြောင်း ရေးသားကြသည်။

အဆိုပါဘဏ်သည် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီ တပ်သား တဦးသေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required