ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်မည့်သတင်းကြေညာပြီးနောက် မန္တလေးတွင် နိုင်ငံခြားငွေလဲလုပ်ငန်း များ ယာယီပိတ်ထားကြ

By 007 (မဇ္စျိမ)
23 July 2023
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်မည့်သတင်းကြေညာပြီးနောက် မန္တလေးတွင် နိုင်ငံခြားငွေလဲလုပ်ငန်း များ ယာယီပိတ်ထားကြ

စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေမည်ဟု ကြေညာလိုက်ပြီး နောက် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့ရှိ နိုင်ငံခြားငွေလဲလှယ်ခြင်း၀န်ဆောင်မှုလုပ်ငန်းများ ယာယီ ပိတ်သွားကြောင်း သတင်းရရှိသည်။

“သတင်းကြားပြီး တနာရီလောက်အတွင်းမှာပဲ တရုတ်ငွေ တယွမ်ကို ၁၀ လောက်တက်သွားတယ်။ အဲဒီ ဈေးနဲ့ကို အ၀ယ်တအားလိုက်လာတော့ ဆိုင်တွေကပိတ်ပစ်လိုက်တယ်”ဟု မြန်မာငွေစက္ကူသတင်း ဂယက်ကြောင့် တရုတ်ယွမ်ငွေဈေးထိုးတက်သွားပြီး အရောင်းပိတ်လိုက်သည်အထိဖြစ်သွားကြောင်း မန္တလေးမြို့ခံ ကုန်သည်တဦးကပြောသည်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူများအား လာမည့်ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ယနေ့ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်ကြေညာလိုက်ရာ နာရီပိုင်းအတွင်း နိုင်ငံခြားငွေလဲနှုန်း ပုံမှန်ထက်မြင့်တက်သွားပြီး ငွေလဲလုပ်ငန်းများလည်း ယာယီပိတ် သွားသည်။

“ဈေးကွက်မငြိမ်ဘူးလေ။ ဘယ်သူက စွန့်စားရဲမှာလဲ။ ဒီတော့ ခဏရပ်ထားရတာပေါ့။ မနက်ကတည်းက ဈေးလည်းမဖွင့်ဘူး အရောင်းအ၀ယ်လည်းမလုပ်ဘူး ပိတ်ထားလိုက်တယ်” ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့က မန္တလေးမြို့ရှိ နိုင်ငံခြားငွေလဲလှယ်ခြင်း၀န်ဆောင်မှုပေးသည့်ဆိုင်များတွင် တရုတ် ငွေ တယွမ်လျှင် ၄၃၅ ကျပ်နှင့် အထက်ရှိခဲ့ပြီး၊ ထိုင်းငွေ ၁၁၂၅ ဘတ်လျှင် ကျပ် ၁၀၀,၀၀၀ ပေါက်ဈေး ရှိခဲ့သည်။

ထို့အတူ အမေရိကန်တဒေါ်လာကို ၃၂၀၀ ကျပ်၀န်းကျင်ဖြင့် ဈေးမတည်ငြိမ်ဘဲ ကြိုက်ရောင်းကြိုက်၀ယ် ဝန်ဆောင်မှုပေးခဲ့ရာမှ ငွေစက္ကူသတင်းထွက်လာပြီးနောက် ဈေးထိုးတက်သွားပြီး လုပ်ငန်းများလည်း ယာယီပိတ်သွားခြင်းဖြစ်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာမှု နှင့်အတူ မြန်မာကျပ်ငွေတန်ဖိုးလည်း ဆက်တိုက်ကျဆင်းနေသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ကျပ် ၁၀၀,၀၀၀ လျှင် ထိုင်းဘတ် ၂,၀၀၀ ကျော်မှ ၃,၀၀၀ ကြားရရှိပြီး တရုတ်ငွေတယွမ်လျှင်  ကျပ်၂၀၀ ၀န်းကျင်သာ ပေးရသည်။

ထို့အတူ အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ၁,၃၀၀ ကျပ်၀န်းကျင်သာ ရှိခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required