မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သေနတ်ဖြင့်ပစ်ခံရကာ ငွေလုယက်ခံရ

By 007 (မဇ္စျိမ)
27 August 2023
မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သေနတ်ဖြင့်ပစ်ခံရကာ ငွေလုယက်ခံရ
ပုံအညွှန်း- လုယက်ခံရသူ အမျိုးသမီးနှင့် လုယက်မှုကျူးလွန်ခဲ့သူ သုံးဦး (ဓာတ်ပုံ- လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ရက်)

မူဆယ်မြို့တွင် ယနေ့ သြဂုတ်လ ၂၇ ရက် နံနက် ၈ နာရီခန့်က  ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ငွေလုယက်ခံရကြောင်း သိရသည်။

မူဆယ်မြို့လယ်ခေါင် စျေးလမ်းကြားတွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ထိုအမျိုးသမီးထံ ဆိုင်ကယ်တစီးဖြင့် ရောက်လာသူ သုံးဦးက ငွေလဲချင်ယောင်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်၍ ငွေလုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

“ဖြစ်တာက စျေးလမ်းကြားမှာဖြစ်တာ။ သူက ငွေလဲလုပ်တယ်။  မြန်မာပိုက်ဆံနဲ့ယွမ် လဲပေးတယ်။   မနက်က ၈ နာရီ လောက်ပဲရှိသေးတယ်။ ဆိုင်ကယ်နဲ့လူတွေရောက်လာပြီး ငွေလဲမယ်ဆိုပြီး သေနတ်နဲ့ပစ်သွားတာ” ဟု မူဆယ်မြို့ခံတဦးက ပြောသည်။

ထိုအမျိုးသမီးမှာ ရင်ဘတ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် မူဆယ်မြို့နယ်ဆေးရုံမှတဆင့် တရုတ်နိုင်ငံ ရွှေလီဆေးရုံသို့ လွှဲပြောင်းပေးထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။ 

“အသက် ၄၅ ၀န်းကျင်လောက်ဆိုတာပဲ သိရသေးတယ်။  နာမည်လည်း မသိရသေးဘူး။  ဟိုဘက်ကမ်း(တရုတ်)ကနေ ဒီဘက်မှာ အလုပ်လာလုပ်တာလို့ လတ်တလောသိရတယ်။ ငွေဘယ်လောက်ပါသွားလဲဆိုတာလည်း သူ သတိရလာမှသိရမှာ။  အခုထိ(နေ့လယ် ၃ နာရီ)တော့ သတိမရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်နီးစပ်သူတစ်ဦးကပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြင်းထန်ရာမှ စစ်ကောင်စီဘက်က အင်အား ထပ်ဖြည့်လာပြီးနောက် ခိုးဆိုးနှိုက်လုယက်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး ယနေ့ဖြစ်စဉ်တွင် လူ့အသက်ကိုပါ အန္တရာယ်ပြု၍ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

မူဆယ်မြို့တွင် ယမန်နှစ် မတ်လ ၁၂ ရက်က ကားအရောင်းအ၀ယ်လုပ်သည့် အသက် ၂၁ နှစ်အရွယ် မူဆယ်မြို့ခံ ခိုလုံလီရှော လူမျိုးအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသေးသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly