မုံရွာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ဗုံးပစ်တိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
26 September 2023
မုံရွာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊မုံရွာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ဗုံးနှစ်လုံးဖြင့် ပစ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

မုံရွာမြို့ ၊အလယ်ရပ်ကွက် ၊အမှတ်(၁) အထက်တန်းကျောင်းအနီး စစ်ဆေးရေးဂိတ်ရှိ အင်အား ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၂၄ရက် ညနေ ၄နာရီ ၄၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

“ကျနော်တို့ ပေ၁၀၀ အကွာလောက်ကနေ ပစ်ခဲ့တာပါ။  ပထမတလုံးမှာ ရဲတယောက်သေပြီး နောက်တလုံးက မပေါက်လို့ သေနတ်နဲ့ ပစ်တဲ့ အခါမှာ ကျန်တဲ့သူတွေ ဒဏ်ရာရကုန်ကျတာ” ဟု ဗိုလ်လင်းယုန်က မဇ္စျိမကိုပြောသည်။

ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဂိတ်အတွင်းရှိ ရဲနှင့် ပျူစောထီးဆိုသူများက ပြန်လည်ပစ်ခတ်ပြီး အိမ်စီးကားများဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါဂိတ်သည် လမ်းသွားလမ်းလာများကို ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးနေသည့် ဂိတ်ဟု ဒေသကာကွယ်ရေးရဲဘော်အချ်ို့ကပြောသည်။

တိုက်ခိုက်မှုကို Golden Eagle Force – Monywa နှင့်အတူ ၅/ဘခက် (မုံရွာ UG ပြောက်ကျားတပ်ဖွဲ့ )နှင့် Ka Naung Min Thar Gyi (Monywa) တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဟု သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၂ရက်နေ့ကလည်း မုံရွာမြို့ အဝင် နတ်လူထိပ္ပန်ရပ်ကွက်ရုံးတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို Golden Eagle Force – Monywa က လက်ပစ်ဗုံးဖြင့် ပစ်တိုက်ခိုက်ရာ နှစ်ဦးထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။ အေးချမ်း

Golden Eagle Force – Monywa က ထုတ်ပြန်ထားသည် တိုက်ခိုက်မှုရုပ်သံမှတ်တမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly