ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ စီးပွားရေး တောင့်တင်းရန်လိုဟု ဒေါ်စု ပြော

ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ စီးပွားရေး တောင့်တင်းရန်လိုဟု ဒေါ်စု ပြော
 ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

နေပြည်တော်(ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၈ခုနှစ်)။  ။ လွတ်လပ်ရေးဖခင်များ ကြွေးကြော်ခဲ့သည့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးသည် နိုင်ငံရေးတစ်ခုထဲနှင့်မရဘဲ စီးပွားရေး တောင့်တင်းရန်လိုလည်း လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်တုန်းကဆိုရင် လွတ်လပ်ရေးဖခင်များက ကြွေးကြော်တာဟာ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ရမယ်တဲ့။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးဖို့ဆိုတာဟာ နိုင်ငံရေးတစ်ခုထဲနဲ့ မပြီးပါဘူး။ စီးပွားရေးလည်း အရေးကြီးပါတယ်။ စီးပွားရေးတောင့်တင်းမှ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ့်ရဲ့ လက်ထဲမှာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီဇင်ဘာ ၁၄ရက်က နေပြည်တော်ရှိ MICC-2 တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းညီလာခံမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စီးပွားရေးတောင့်တင်းရန်မှာ အစိုးရ၏ မူဝါဒများနှင့် သက်ဆိုင်နေသလို အစိုးရတစ်ရပ်၏ အောင်မြင်မှုမှာ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေခြင်းကြောင့် အစိုးရနှင့် ပူးတွဲလုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။

“စီးပွားရေးအောင်မြင်ဖို့ဆိုတာ အစိုးရဲ့မူဝါဒတွေနဲ့လည်း သက်ဆိုင်နေတယ်။ ထိုနည်းလည်းကောင်းပဲ အစိုးရဲ့ အောင်မြင်မှုဆိုတာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် အတူတူပူးတွဲပြီးတော့ လုပ်ကြစို့။ နိုင်ငံတော်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပူးတွဲပြီးတော့ လုပ်တယ်ဆိုတာ ဘာအတွက်လည်း ဆိုတာ နိုင်ငံ့တိုးတက်ရေးအတွက်၊ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ လုံခြုံရေး၊ စိတ်ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လူငယ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တီထွင်လိုစိတ်၊ အသစ်မြင်စိတ်ရှိရန်နှင့် သူတစ်ပါး မတွေးသည့် ကိစ္စ၊ သူတစ်ပါး မလုပ်သေးသည့် အလုပ်ကို လုပ်ရန်နှင့် စီးပွားရေး လုပ်ဆောင်ခြင်းသည် ကိုယ့်အတွက်သာမကဘဲ ကိုယ့်နိုင်ငံအတွက် လုပ်ဆောင်သည်ဆိုသည့် စိတ်ဓာတ်ကို မွေးမြူကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“ကိစ္စတစ်ခုကို တခြားသူတွေမလုပ်လို့ မဖြစ်ပါဘူးလို့လည်း စိတ်ထဲမှာ မထားပါနဲ့။ တခြားသူတွေ မလုပ်ဖူးတဲ့ကိစ္စတွေ၊ မဖြစ်ဖူးတဲ့ ကိစ္စတွေကို တို့လုပ်မယ်။ တို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ထားတွေနဲ့ ဆက်ပြီးတော့ သွားစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ လူငယ်များသည် စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်နှင့် ပွင့်လင်းလွတ်လပ်သည့်  အတွေး အခေါ်များကို အကောင်အထည်ဖော်ပြီး လက်တွေ့တွင် အလုပ်မဖြစ်တော့သည့် အစဉ်အလာများကို ချိုးဖောက်၍ ဆန်းသစ်သည့် အတွေးအမြင်များဖြင့် အများအကျိုးအတွက် ကြိုးပမ်းလိုစိတ်ရှိကြသဖြင့် အဆိုပါ လူငယ်များကို မြေတောက်မြှောက်ပေးရန် လိုအပ်သည်ဟု မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

“အဲ့ဒီလို လူငယ်တွေရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ အပေါ်မှာ ကျွန်တော်တို့ အနေဖြင့် အားပေးကူညီပြီး အဆိုပါ လူငယ်များမှ စွန့်ဦးတီထွင်စိတ်များ ပေါ်ထွန်းလာအောင် မြေတောင်မြှောက် ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်က လူငယ်စီးပွားရေးလုပ်ငန်းရှင်များတွင် အမျိုးသမီးလုပ်ငန်းရှင် ၄၉ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ၂၀၁၈ခုနှစ်တွင် ၅၈ရာခိုင်နှုန်းအထိ တိုးတက်လာသည့်အပေါ် ဂုဏ်ယူကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

အခမ်းအနားဖွင့်ပွဲအပြီးတွင် လူငယ်စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်က သီးသန့်တွေ့ဆုံခဲ့သေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required