ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်တွင် ရှိ၊ မရှိ ပဟေဠိဖြစ်နေ

By 001(မဇ္စျိမ)
22 September 2023
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်တွင် ရှိ၊ မရှိ ပဟေဠိဖြစ်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ပြန်ပြောင်းရွှေ့လိုက်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်တွင် ဆက်ပြီး ရှိ၊ မရှိ ​နေပြည်​တော် အချုပ်​ထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းအကြား ပ​ဟေဠိသဖွယ်ဖြစ်နေသည်။

ထိုသို့ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်ကြောင်း သတင်းများအပေါ် စစ်ကောင်စီအနေဖြင့် အတည်ပြုပြောဆိုခြင်းမရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကိုလည်း နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက်လက်ခံနေဆဲဖြစ်သည့်အတွက် ယင်းနေရာမှာပင် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ယူဆမှုများလည်းရှိနေသည်။

”အမှန်တကယ်တော့ ဘယ်မှာ ရှိတယ် ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ ယုံကြည်ရတဲ့ အနေအထားရှိတဲ့နေရာကတော့ ဒီမှာ ( နေပြည်တော်အချုပ်ထောင်) ရှိနေတယ်ဆိုတဲ့ အနေအထားလို့ သိရတယ်။ ဒါလည်း ​ပြောလို့မရတဲ့ အ​နေအထား​ပေါ့”ဟု အမည်မဖော်လိုသည့် ​နေပြည်​တော်အချုပ်​ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကို အပတ်စဉ် တနင်္လာနေ့တိုင်း နေပြည်တော်အချုပ်ထောင်တွင် ပေးပို့နေရခြင်းဖြစ်သော်လည်း လူကိုယ်တိုင် မတွေ့ရသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ယင်း​နေရာတွင် ရှိ၊ မရှိ သေချာ မသိရကြောင်း အချုပ်​ထောင်နှင့် နီးစပ်သူများက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်​ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား ၎င်းနေထိုင်သည့် နေပြည်တော်ရှိ မြနန်းဘုံသာလမ်း၊ ခြံအမှတ် A – 33မှ လျှို့ဝှက်နေရာတခုသို့ ပြောင်းရွှေ့ထိန်းသိမ်းခဲ့ပြီး ထိုမှ တဆင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက နေပြည်တော်အချုပ်ထောင်သို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ဒုတိယဝန်ကြီးအဆင့် နေထိုင်သည့် နေအိမ်တလုံးကို ပြောင်းရွှေ့လိုက်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းလာရောက်တွေ့ဆုံမှုမှာလည်း အချုပ်ထောင်တွင် မဟုတ်ဘဲ စစ်ကောင်စီက စီစဉ်ထားသည့် သီးသန့်နေရာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို အတည်ပြု​ပြောဆိုခဲ့သော်လည်း မည်သည့် နေရာတွင် တွေ့ဆုံခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံတဦးအဖြစ် ပြန်ပေးဆွဲထားသကဲ့သို့ လျှို့ဝှက်ထားသော နေရာများတွင် နိုင်ငံရေးအကျဉ်းသားတဦးရပိုင်ခွင့် အခွင့်အရေးကိုမျှ မပေးဘဲ ချုပ်နှောင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ဗဟိုအလုပ်ကော်မတီက ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သည်။

ထို့ပြင် လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးစိုးရိမ်ပူပန်မိကြောင်းလည်း NLD က ဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကလည်း မိခင်ဖြစ်သူ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်နေကြောင်း မီဒီယာများတွင် ဖြေဆိုထားသည်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်နှင့် နောက်ဆုံးပတ်လောက်က သွားနာ၊ သွားဖုံးယောင် ဝေဒနာကို ခံစားခဲ့ရပြီး လက်ရှိတွင် ပြန်လည် သက်သာကောင်းမွန်နေပြီဖြစ်ကြောင်း နေပြည်တော်အချုပ်ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကျန်းမာရေးအတွက် ပြင်ပဆရာဝန်နှင့် ပြသခွင့်ပေးရန် တင်ပြခဲ့သော်လည်း စစ်ကောင်စီက ခွင့်ပြုခြင်းမရှိဘဲ ထောင်ဆရာဝန်နှင့်သာ ကုသခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

“အမှန်တကယ်က သူ့အသက်အရွယ်နဲ့က အနိမ့်ဆုံး ခြောက်လတကြိမ် သို့မဟုတ် တနှစ်တစ်ကြိမ် medical checkup (ကျန်းမာရေးဆေးစစ်မှု) လုပ်ရမှာ ။ လုပ်ခွင့်မပေးတာ”ဟု ​နေပြည်​တော်အချုပ်​ထောင်နှင့် နီးစပ်သူက ဆိုသည်။

လက်ရှိတွင် စစ်​ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်အား အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ​ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားကာ သြဂုတ်လ ၁ ရက်​နေ့က ​ထောင်ဒဏ် ​ခြောက်နှစ်ကို ပြစ်ဒဏ်​လျော့​ပေါ့​ပေးခဲ့သည့်အတွက် ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိ​နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required