ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို မ‌မေ့လျော့ဘဲ အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသို့ တောင်းဆို

By 002 (မဇ္စျိမ)
21 September 2023
ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို မ‌မေ့လျော့ဘဲ အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသို့ တောင်းဆို

ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို မ‌မေ့လျော့ဘဲ အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသို့ တောင်းဆိုခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည့် ရှောင်တာနယ်လ်က VOA နှင့်အင်တာ‌ဗျုးတွင် ထုတ်ဖော် ‌ပြော ကြားလိုက်သည်။

" နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်စု အလေးအနက် တောင်းဆို ထားပါတယ်။ သူစိုးရိမ်တာက ယူကရိန်းအရေးကို ကမ္ဘာက အာရုံစိုက်နေချိန်မှာ မြန်မာအရေးနဲ့ နိုင်ငံတကာဝေးကွာသွားမယ့် အခြေအနေဖြစ်ပါတယ်။ ယူကရိန်းကို ကမ္ဘာက အာရုံစိုက်တာဟာ ကျိုးကြောင်းဆီလျော်ပေမယ့် မြန်မာနိုင်ငံမှာလည်း ပြည်သူတွေဟာ အလားတူ ဒုက္ခရောက်နေတဲ့အခြေအနေကို ကမ္ဘာက မေ့လျော့သွားမှာ ဒေါ်စုအလွန်ပဲ စိုးရိမ်ခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ မိတ်ဆွေဟောင်းတွေကို တတ်နိုင်သလောက် မြန်မာ့အရေး အလေးပေး တစိုက်မတ်မတ်ဆောင်ရွက်ဖို့ ဒေါ်စု တောင်းဆိုထား ပါတယ်" ဟု ရှောင်တာနယ်လ်က ‌ပြောသည်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက ထိပ်ဆုံးဖမ်းဆီးသူများ တွင် တစ်ဦးအပါအ၀င် ဖြစ်သည့် စီးပွားရေးပညာရှင် ရှောင်တာနယ်လ်မှာ အကျဉ်းထောင်တွင် ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး ယခင်နှစ် နိုဝင်ဘာလက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်‌မြောက်ခဲ့သည်။

အကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ သည့်အချိန်တွင် သူမ၏ စိုးရိမ်ပူပန်မှုများကိုလည်း မျက်မြင်တွေ့ရှိခဲ့ သည်ဟု မစ္စတာရှောင်က ဆိုသည်။

"ကျနော်ကိုယ်တိုင်လည်း နိုင်ငံတကာသတင်းတွေကို သူနဲ့တွေ့တဲ့အချိန်မှာ ပြောပြခဲ့တာတွေရှိပါတယ်။ အဲဒီလို ကမ္ဘာလုံးဆိုင်ရာအဖြစ်အပျက်တွေကို ကျနော် သူနဲ့ ဆွေးနွေးပြောဆိုချိန်မှာ ဒေါ်စုဘက်က စိုးရိမ်မှုတွေ အတော်လေးကြီးမားတာကို ကျနော်မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာ၊ ယူကရိန်းကို ရုရှားကျူးကျော်တာ၊ အဲဒီအချိန်ကာကလ ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေ စတဲ့ ကမ္ဘာ့အလှည့်အပြောင်းတွေပေါ်မှာ ဒေါ်စုဘက်က စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်" ဟု ၎င်းက ‌ပြောသည်။

ပြည်သူများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ကို အားရကျေနပ်‌ကြောင်း၊ အထူးသဖြင့် လူငယ်များ၏ ဒ်ီမိုကရေစီ စနစ်အပေါ် တန်ဖိုးထားမှု အ‌ခြေအနေများကို အားရ‌ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ‌ပြောကြားခဲ့သည်ဟု ရှောင်တာနယ်လ်က ဆိုသည်။

" ဒေါ်စုဟာ အပြင်ကအခြေအနေတွေကို ကောင်းကောင်းသိနေပါ တယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေကို သူသိနေခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် ဒီအကြောင်းတွေကို သူနဲ့ တွေ့ဆုံချိန်မှာ ပြောပြတော့ သူ သိပ်ကို ကျေနပ်အားရတာ တွေ့ရပါတယ်။ ကျနော်ကြားသိရသမျှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကို ကျနော် သူ့ကို ပြောပြချိန်မှာ သူပြန်ပြောတဲ့စကားကို ကျနော်ဘယ်တော့မှ မမေ့ပါဘူး။ပြည်သူတဦးချင်းစီအတွက် သူအရမ်းဂုဏ်ယူတယ်လို့ ဒေါ်စုက ပြောခဲ့ပါတယ်။ အထူးသဖြင့် လူငယ်တွေအတွက် သူဂုဏ်ယူမိတယ်လို့ ပြောတယ်။ ဒီမိုကရေစီရဲ့ အရသာကို ဒီလူငယ်တွေက နှစ်အနည်းငယ်လိုက်ပဲ ကြုံတွေ့ခဲ့ရပေမယ့် သူတို့က ဒီစနစ်ကို တန်ဖိုးထား ခုခံကာကွယ်လိုစိတ် အပြည့်ရှိတာကို သူ့တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိတယ်လို့ ဒေါ်စုက ကျနော့်ကို ပြောပါတယ်" ဟု ၎င်းက‌ပြောသည်။

ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုများ ပြင်းထန် နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်မှ အ‌ခြေအနေ များကို မစ္စတာ ရှောင်တာနယ်လ်က အင်တာဗျုးတွင် ‌ပြောကြား ခဲ့သည်။

" လူမြင်ကွင်း နောက်ကွယ်မှာလူတွေမသိခဲ့တဲ့ ဒေါ်စု ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျနော့် စာအုပ်မှာလည်း ရေးထားပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ အခြားနေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်စုကို အပြင်းအထန် ‌ဝေဖန်ခဲ့ကြပါတယ်။ ဒါကိုလည်း သူသိပါတယ်။ ဒီလို ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိပေမယ့် နောက်ကွယ်မှာ ဘာတွေလုပ်နေသလဲဆိုတာကို ဒေါ်စုအနေနဲ့ ပြောပြလို့ မရနိုင်ခဲ့ပါဘူး။

ကျနော့်စာအုပ်မှာ ရေးထားတဲ့အထဲက ဥပမာပေးပြောရမယ်ဆိုရင် အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စစ်တပ်အပေါ်မှာ စီးပွားရေးအရ ပစ်မှတ်ထားဖိအားပေးဖို့ ကျနော်ကြိုးစားနေခဲ့တာကို ဒေါ်စုသိနေပါတယ်။ ဒါကြောင့်လည်း အာဏာမသိမ်းခင် မြန်မာပြည်ကို ကျနော်ရောက်နေတဲ့ အကြောင်းအရင်းကလည်း ဘယ်သူတွေဟာ အဓိက ချိုးဖောက်သူတွေဖြစ်သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိနေသလဲဆိုတာတွေကို အတိအကျသိရဖို့ စုံစမ်းဖေါ်ထုတ်ဖို့ ဖြစ်ပါတယ်။

အခြားသူတွေစိုးရိမ် သလိုမျိုး ဒေါ်စုဟာ စစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ အမြဲတမ်းပူပန်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒါတွေကို လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုလို့ မရနိုင်ခဲ့ပါဘူး။ ဒါကြောင့် နေပြည်တော်တရားရုံးမှာ အဓိက သူတို့ စွဲချက်တင်တဲ့အထဲမှာ စစ်တပ်က တင်ပြခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ ရခိုင်ပြည်နယ်နဲ့ အခြားနေရာတွေမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ရေး စီးပွားရေးအရ ပိတ်ဆို့အရေးယူဖို့ ကျနော်ပြုစုထားတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိလူတွေ သိထားတဲ့ အခြေအနေတွေက တမျိုးဖြစ်နေပေမယ့် အမှန်တရားအတွက် တချို့အရာတွေကို အနာဂတ်က အကဲဖြတ် ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်" ဟု စီးပွားရေးပညာရှင် ရှောင်တာနယ်လ်က ‌ပြောသည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly