ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား သဘောတူ

ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား သဘောတူ
The junta will likely hold fresh polls in 2025. PHOTO: AFP

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားရေး မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားအကြား နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ထိုးခဲ့ကြောင်း စစ်အုပ်စုထိန်းချုပ်သည့် မီဒီယာက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ရုရှားတို့သည် ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားပြီး ၎င်းတို့၏ ထိုရွေးကောက်ပွဲများက လွတ်လပ်၊ မျှတမှု ရှိလိမ့်မည် မဟုတ်ဟု ဝေဖန်သူများက ပြောသည်။

ရုရှားသည် မြန်မာစစ်ကောင်စီ၏ ရင်းနှီးသော မဟာမိတ်တနိုင်ငံဖြစ်ပြီး စစ်ကောင်စီကို လက်နက်နှင့် သံတမန်ရေး အထောက်အပံ့ ပံ့ပိုးပေးထားသည်။ မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတွင် အာဏာသိမ်းပြီးနောက် ၎င်းတို့အပေါ် လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှုကို ရင်ဆိုင်ရလျက်ရှိသည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ရုရှားသို့ ခရီးစဉ် တချို့ သွားရောက်ထားခဲ့ပြီး ယမန်နှစ်က ခရီးစဉ်တခုတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့သည်။ ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုက “မှန်ကန်၊ တရားမျှတ” သည်ဟု စစ်ကောင်စီက ပြောထားသည်။

စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများသည် မကြာသေးခင်က ရုရှားခရီးစဉ်အတွင်း ရုရှားရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးခဲ့သည်ဟု စစ်အုပ်စု ထိန်းချုပ်သည့် ဂလိုဘယ် နယူးလိုက်အော့ဖ် မြန်မာ သတင်းဌာနက ဖော်ပြသည်။

ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့် မဲဆွယ်မှု လုပ်ငန်းစဉ်များအတွက် ရုရှား၏ ရွေးကောက်ပွဲဆိုင်ရာ နည်းလမ်းများနှင့် သတ်မှတ်ချက်များကိုလည်း စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့က လေ့လာခဲ့ကြောင်း ထိုသတင်းစာတွင် ဖော်ပြသည်။

လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော သမ္မတရွေးကောက်ပွဲများကို လေ့လာစောင့်ကြည့်ရန် ရုရှား ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲက မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားသည်။

ထို ရုရှားရွေးကောက်ပွဲက သမ္မတ ပူတင်၏ အုပ်ချုပ်မှုသက်တမ်းကို အနည်းဆုံး ၂၀၃၀ အထိ ထပ်မံ တိုးချဲ့စေဖွယ်ရာ ရှိနေပြီး ပူတင်အပေါ် ဝေဖန်သူအများအပြားသည် အကျဉ်းချခံထားရခြင်း သို့မဟုတ် ပြည်ပတွင် သွားရောက်တိမ်းရှောင်နေထိုင်ရခြင်းတို့ ရှိနေသည်။

မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ်အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည် ဆိုပြီး အထောက်အထား မခိုင်လုံသည့် စွပ်စွဲပြောကြားမှုများနှင့်အတူ အာဏာသိမ်းထားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပဖွယ် ရှိကြောင်း စစ်တပ် ထောက်ခံသည့် ပါတီတခုမှ အကြီးတန်းအရာရှိတဦးက ယခုလအစောပိုင်းတွင် အေအက်ဖ်ပီကို ပြောသည်။
စစ်ကောင်စီ လက်အောက် ကျင်းပသည့် ရွေးကောက်ပွဲ မှန်သမျှသည် “အတုအယောင်” သာ ဖြစ်လိမ့်မည်ဟု အမေရိကန်က ပြောထားသည်။

 

Myanmar junta, Russia agree on election 'cooperation'

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required