ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ် ပယ်ချ

By 001(မဇ္စျိမ)
06 October 2023
ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ် ပယ်ချ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ၊ ဦးမောင်ဝိတ်ကိစ္စ စွပ်စွဲချက်များနှင့် ပတ်သက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ ​အောက်တိုဘာလ ၆ရက်​နေ့တွင် ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းစီမံကိန်းအတွက် မြေနေရာလျှောက်ထားရယူခြင်း၊ တထပ်အဆောက်အအုံဆောက်လုပ်ခြင်း၊ ရန်ကုန်တွင် ရုံးချုပ်ဖွင့်လှစ်ရန် မြေနှင့် အ​ဆောက်အအုံငှားရမ်းခြင်းတို့အ​ပေါ် အဂတိဖြင့် စွပ်စွဲထားသည့် အမှုလေးမှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်က အထူးအယူခံတက်ထားခြင်းဖြစ်သည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို တံစိုးလက်ဆောင်ရယူခဲ့သည်ဟုဆိုကာ စွပ်စွဲအမိန့်ချထားသည့် အဂတိအမှုနှစ်မှုလည်း ပါဝင်​ကြောင်း သိရသည်။

လက်ရှိ အထူးအယူခံများ ပယ်ချခံရသည့်အတွက်  နောက်ဆုံးအဆင့်အဖြစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၀ အရ တရားသူကြီးချုပ်ဆီသာ တင်၍ ရတော့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကို​ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရကာ ထိုအထဲမှ ထောင်ဒဏ်ခြောက်နှစ်ကို စစ်ကောင်စီဘက်က လျော့ပေါ့ခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ်ကျန်ရှိနေသည်။

အမှုကိစ္စများနှင့် ပတ်သက်ပြီး ​တွေ့ဆုံဆွေးနွေးရန်လိုအပ်သည့်အတွက် လူချင်းတွေ့ဆုံခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး အကြိမ်ကြိမ်တင်ပြထားသော်လည်း စစ်ကောင်စီဘက်က လက်ခံခြင်းမရှိသေးကြောင်းလည်း သိရသည်။

လက်ရှိတွင် ​ဒေါ်​အောင်ဆန်းစုကြည်၏ ကျန်းမာ​ရေး​ကောင်းမွန်သည်ဟုကြားသိရ​​သော်လည်း လူချင်း​တွေ့ဆုံခွင့်မှာ မ​ရရှိသေး​ကြောင်း တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက​ပြောသည်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက သွားနာ၊ သွားဖုံး​ယောင်​ဝေဒနာကို ခံစားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင်သာ လုံးဝတာဝန်ရှိကြောင်း  NLD ပါတီ ၊ ဗဟိုအလုပ်​ကော်မတီကလည်း စက်တင်ဘာလအတွင်းက သတိ​ပေးထုတ်ပြန်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required