ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား သားဖြစ်သူ ‘အလွန်အမင်း စိုးရိမ်’

By TRT World
13 September 2023
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား သားဖြစ်သူ ‘အလွန်အမင်း စိုးရိမ်’
Photo - REUTERS

မြန်မာနိုင်ငံ၏ ဖမ်းဆီးခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက သူအနေဖြင့် သူ့မိခင်၏ ကျန်းမာရေးအပေါ် “အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း” ပြောပြီး သူမိခင်သည် အစာစားရန် ခက်ခဲနေပြီး ပြင်ပဆရာဝန်နှင့် ပြသခွင့်ကိုလည်း ငြင်းပယ်ခံထားရကြောင်း ဆိုသည်။

နှစ်နှစ်ကြာ ဖမ်းဆီးခံထားရသည့် အသက် ၇၈ နှစ်အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မူးဝေအော့အန်ခြင်းများ ကြုံနေပြီး ဆိုးဝါးသည့် သွားနာခြင်းကိုလည်း ခံစားနေရကြောင်း ဗြိတိန်တွင် နေထိုင်နေသည့် သားဖြစ်သူ ကင်မ်အဲရစ်က အင်္ဂါနေ့တွင် ပြောသည်။

“အမေ ကြုံနေတဲ့ အခြေအနေကို ကျွန်တော် အရမ်း စိတ်ပူတယ်”ဟု ၎င်းက ဆိုသည်။ “အမေက အရင်ကလို မကြံ့ခိုင်တော့ဘူး၊ အစာမစားနိုင်ဘူးဆိုရင် စိတ်ချနိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရအား စစ်တပ်က ဖြုတ်ချကာ ၂၀၂၁ အစောပိုင်းတွင် အာဏာသိမ်းလိုက်ပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများကို ဖြိုခွင်းကာ လူထောင်ပေါင်းများစွာအား ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်ချိန်မှစပြီး ဝရုန်းသုန်းကား အခြေအနေ ဆိုက်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရာဇဝတ်ပြစ်မှု ၁၄ ခုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည်။

သွေးထိုးလှုံ့ဆော်မှု၊ ရွေးကောက်ပွဲ မသမာမှုမှသည် အကျင့်ပျက်ခြစားမှုအထိ ၎င်းအား ပြစ်ဒဏ်စီရင်သည့် စွဲချက်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ထားပြီး ယင်းတို့အတွက် အယူခံဝင်လျက် ရှသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အခြေအနေနှင့် ပတ်သက်ကာ ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို လန်ဒန်ရှိ မြန်မာသံရုံးက တုံ့ပြန်ခြင်း မရှိပေ။

အင်္ဂါနေ့က ခေါ်ဆိုမှုကို စစ်အာဏာသိမ်းအစိုးရ ပြောခွင့်ရသူက ဖြေဆိုခြင်း မရှိသကဲ့သို့ ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို စစ်ကောင်စီ၏ သတင်းအချက်အဖွဲ့ကလည်း လက်ငင်း မတုံ့ပြန်ပေ။

၁၉၉၁ ခုနှစ်က မိခင် နေအိမ်အကျယ်ချုပ် ကျနေချိန် ဆယ်ကျော်သက်အရွယ်၌ နိုဘယ်ငြိမ်းချမ်းရေးဆုအား ကိုယ်စားတက်ယူခဲ့သည့် လက်ရှိတွင် အသက် ၄၅ နှစ် ရှိနေပြီဖြစ်သည့် ကင်မ်အဲရစ်မှာလည်း မိခင် ထိန်းသိမ်းခံချိန်ကစပြီး အဆက်အသွယ် မရဖြစ်နေကာ အကြိမ်ကြိမ် တောင်းဆိုမှုကိုလည်း စစ်တပ်က တုံ့ပြန်ခြင်း မရှိပေ။

“အမေနဲ့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်း မရှိဘူး”ဟု ၎င်းက ပြောသည်။ “အမေကို ကျန်းမာရေး စောင့်ရှောက်မှု ခွင့်မပြုပေးသလို တရားရေးအတိုင်ပင်ခံလည်း ခွင့်မပြုဘူး၊ ဧည့်သည်လည်း အလာမခံဘူး၊ အခြားအကျဉ်းသားတွေနဲ့လည်း ထိတွေ့ခွင့် မပြုဘူး၊ ဒါဟာ တိုက်ပိတ်ထားတာနဲ့ မခြားဘူး”ဟု ကင်မ်အဲရစ်က ပြောခဲ့သည်။

ဩဂုတ်လအတွင်းက စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား စီရင်ထားသည့် ပြစ်မှု ၁၉ ခု၌ ငါးခုအတွက် လွတ်ငြိမ်းခွင့် ပေးလိုက်သော်လည်း နေအိမ်အကျဉ်းချခြင်းမှာပင် ဆက်လက်ထားရှိသည်။ ယင်းမတိုင်ခင် အချိန်ပိုင်း၌ အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်အား ရွှေ့ပြောင်းကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ထိုသို့ ရွှေ့ပြောင်းမှုက မမှန်ကန်ဘူးဟု ကင်မ်အဲရစ်က ဆိုသည်။

“ကျွန်တော့် အမေကို နေအိမ်အကျယ်ချုပ် ပြောင်းပေးတယ်ဆိုတဲ့ သတင်းမှားကို ဖြန့်ဖို့ သူတို့တွေ ကြိုးစားတာပါ၊ ဒါဟာ နိုင်ငံတကာ အသိုင်းအဝန်းကို ချွေးသိပ်ဖို့ပါပဲ၊ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒီ သတင်းမှားကို သိရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ချွင်းချက်မရှိ ပြန်လွှတ်ရန် မြန်မာစစ်တပ်အား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားသည့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့အပါအဝင် နိုင်ငံအစိုးရများက တောင်းဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required