ထိုင်းတွင် ဥမင်ထဲ ပိတ်မိသည့် ဘောလုံးအသင်းခေါင်းဆောင် ဗြိတိန်ကောလိပ်၌ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း ဖြစ်

ထိုင်းတွင် ဥမင်ထဲ ပိတ်မိသည့် ဘောလုံးအသင်းခေါင်းဆောင် ဗြိတိန်ကောလိပ်၌ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း ဖြစ်
Photo-AFP

ထိုင်းနိုင်ငံ၌ ၂၀၁၈ ခုနှစ်က ဥမင်လိုဏ်ခေါင်းထဲ ရက်အတန်ကြာ ပိတ်မိခဲ့သည့် ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်သည် ဗြိတိန်က စာသင်ကျောင်း၌ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်း သေမှုသေခင်း စစ်ဆေးသည့် အရာရှိတဦးက ပြောသည်။

‌လိုင်ဆက်စတာရှိုင်းယား၊ မားကက်ဟာဘရောက်အရပ်က Brooke House ကောလိပ်တွင် ဖေဖော်ဝါရီ ၁၂ ရက်က Duangphet Phromthep ကို သတိလစ်နေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် နှစ်ရက်အကြာ၌ ကက်သရင်းအထွေထွေ ဆေးရုံတွင် ၎င်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ၎င်းသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုအရ အကြီးတန်း သေမှုသေခင်း အရာရှိက ကိုယ့်ကိုယ်ကို သတ်သေခြင်းအဖြစ် ကောက်ချက် ချလာခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွင် ပါမောက္ခ ကက်သရင်း မာဆန်က “Phromthep ဟာ စိတ်ကျန်းမာရေး ကုသနေတယ်ဆိုပြီး မသိထားပါဘူး၊ ဘာကြောင့် ခုလို လုပ်သွားရသလဲဆိုတာ မသိဘူး”ဟု ပြောသည်။

“ကြိုတင် မခန့်မှန်းမိသလို မတားဆီးနိုင်ခဲ့ဘူး၊ ရဲစုံစမ်းစစ်ဆေးမှုမှာလည်း အခြားသူ လက်ချက် ဒါမှမဟုတ် သံသယဖြစ်ဖွယ် ကွင်းဆက်တွေလည်း မတွေ့ရှိဘူး”ဟု မှတ်တမ်း၌ ဆိုထားသည်။

ဒွန်ဟု သိထားကြသည့် ၎င်းသည် ထိုင်းနိုင်ငံက တောဝက် သို့မဟုတ် Moo Pa ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်အဖြစ် ယခင်က ကမ္ဘာအနှံ့ သိရှိထားသူ ဖြစ်သည်။

သူနှင့် သူ့အသင်းသည် ရုတ်ခြည်းမုန်တိုင်းကျပြီး ရေကြီးခြင်းကြောင့် ဥမင်ထွက်ပေါက် ပိတ်သွားရာမှ ဥမင်အတွင်း ရက်အတန်ကြာ ပိတ်မိနေခဲ့ကြသည်။

ထိုအချိန်က အသက် ၁၃ နှစ်သာ ရှိသေးသော ဒွန်နှင့်အတူ ၎င်းတို့အသင်း၏ ဥမင်ထဲ ပိတ်မိသည့် သတင်းက ကမ္ဘာတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။

ဘောလုံးအသင်း ယောက်ကျားလေးများနှင့် အသက် ၂၅ နှစ်ရှိ အသင်းနည်းပြတို့သည် ဥမင်ထဲ အမှောင်တွင်း၌ အစားအစာ မရှိဘဲ ကိုးရက်ကြာ နေထိုင်ခဲ့ရပြီး နိုင်ငံတကာ ရှာဖွေရေးအဖွဲ့မှ တွေ့ရှိကာ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။  

၎င်းတို့အား ကယ်ဆယ်ရေး၌ လူပေါင်း ၁၀,၀၀၀ နီးပါး ပါဝင်ခဲ့သည်။

ယခုအခါ၌ ဒွန်သေဆုံးမှုကို ဖေဖော်ဝါရီ ၂၂ ရက်၌ စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ပြီး အောက်တိုဘာ ၄ ရက်တွင် လိုင်စက်စတာ သေမှုသေခင်း ခုံရုံး၌ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

ဒွန်သည် ပြီးခဲ့သည့်နှစ်က Brooke House ကောလိပ်တွင် ဘောလုံးသင်တန်း ကျောင်းသားအဖြစ် စာရင်းသွင်း တက်ရောက်နေခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required