နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

ချင်းပြည်နယ်၊ မင်းတပ်မြို့ ၊ မတူပီနယ်အတွင်းက ကျွဲ၊ နွားနဲ့ နွားနောက်များတွင် ဒေါင့်သန်းနှင့် ခွာနာ၊ လျှာနာရောဂါများ အဖြစ်များနေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရည်မှန်းချက်တူညီနေသည့်အတွက် မြောက်ပိုင်းမဟာမိတ်များ ဆင်နွှဲနေသည့် အော်ပရေးရှင်း ၁၀၂၇ ကို ကြိုဆိုပြီးတော့ အတူတကွရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

၂ လခွဲအချိန်ကာလအတွင်း သွေးမစွန်းသည့် တိုက်ပွဲအဖြစ် အကြမ်းဖက်စစ်တပ်၏ တပ်ရင်း တစ်ရင်းစာကို ပြည်သူ့ရင်ခွင်ဆီကို ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ၏ပြောဆိုချက်ကို ကိုးကား၍ The Voice of Spring တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို TNLAနှင့်အတူ မန္တလေး PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်း ထန်နေကြောင်း မန္တလေး PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်၏ ပြောဆိုချက်ကို ကိုးကား၍  ရန်ကုန်ခေတ်သစ်သတင်းဌာန မှဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်ဆင်ရေး ဆင်နွှဲ မည်ကို လောက်ကိုင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့စွမ်းအားဝန်ကြီး ဌာနက စစ်ကောင်စီတပ်ဖွဲ့များကို အသိပေး ထုတ်ပြန်ခဲ့သော်လည်း စစ်ခေါင်း ဆောင်က စီမံခန့်ခွဲမှု ညံ့ဖျင်း၍ တော်လှန်ရေးတပ်များ အကောင်းဆုံး တိုက်ပွဲ ဝင်နိုင်ခဲ့ဟု NUG အတွင်းဝန် က လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာ အုပ် စု၊ လက်ဖက် တောင် ကျေးရွာ ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် သေနတ်သံ ကြားသည်နှင့် အင်အား ၂၂ ဦးရှိသော စစ်ကောင်စီ တပ်ဖွဲ့ဝင် အားလုံး ထွက်ပြေး ကြသဖြင့် စစ်သား သေဆုံးမှုမရှိဘဲ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကျားသံ လုံး စစ်ကြောင်း - သံတောင် မြောက်ပိုင်းအထူးဒေသ တပ်ဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် CDMကျောင်းဆရာတဦးအပါအဝင် ဒေသခံသုံးဦးကို အင်းတော်မြို့စစ်ခုံရုံးမှ ထောင်ဒဏ်တသက်တကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း Indaw Revolution-IRအဖွဲ့ထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ မှ စတင်ကာ စစ်ကြောင်းထိုးနေ သည့် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၇ ရက်နေ့ အထိ ခုနစ်ရက်တာ ကာလအတွင်း ဒေသခံအမျိုးသား ငါးဦး ကို သတ်ဖြတ်ထားခဲ့ကြောင်း People’s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြော သည်။

ကရင်နီပြည်နယ်(ကယား) ၊ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် နေ့စဉ် နီးပါးရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေတာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီးတွင် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်း၌ လက်နက်ကြီးပစ်ခတ်မှုများပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တော်လှန်စစ်ကို ထောက်ခံကြိုဆိုသည့်အနေဖြင့် ရန်ကုန်မြို့တ‌နေရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို NDOPSC နှင့် မဟာမိတ်များ ပူးပေါင်း၍ အောက်တိုဘာ ၂၇ ရက် ညပိုင်းကပြုလုပ်ခဲ့ ကြောင်း NDOPSC ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ဒေသ ယနေ့တိုက်ပွဲများတွင် စစ် ကောင်စီ တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရမိခြင်းနှင့်အတူ စစ်သားများ အများ အပြား သေဆုံးသည့် ဗီဒီယိုကို ကိုးကန့် MNDAA က ထုတ်ပြန်သည်။

ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်တပ်များ ပူးပေါင်းပြီး ယမန်နေ့က စတင်ခဲ့သည့် '၁၀၂၇ စစ်ဆင်ရေး'နှစ်ရက်အတွင်း စစ်ကောင်စီတပ်ခန်း ၃၀ကျော် သိမ်းဆည်းနိုင်ပြီးဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ လက်နက် ကိုင်ဆောင်ထားသော ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ တပ်သားများ လက်နက်ချ အလင်း ဝင်ရန် MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော် မတီက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ (Operation 1027) ကို ကြေညာ လိုက်ပြီး ပထမဆုံးရက်မှာပဲ စစ်ကောင်စီတပ်စခန်းလေးခုကို နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ ကြောင်း တအာင်း(ပလောင်) အမျိုးသားတပ်မတော် (PSLF/TNLA) က အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီ

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ လယ်သမားများအား COVID ချေးငွေနှင့် စိုက်ဘဏ်ချေးငွေများ ပြန်ဆပ်ရန် စိုက်ဘဏ်မန်နေဂျာက သတိပေးစာပို့ အကြောင်းကြားနေသည် ဟု ဒေသခံတောင်သူများထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်လေးခုမှ အပါ ကျန်မြို့နယ်များအားလုံးတွင် ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ကြောင်း သက်ဆိုင်ရာမြို့နယ် သတင်းရင်းမြစ်များထံက သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၌ မဟာမိတ်သုံးဖွဲ့၏ '၁၀၂၇ စစ်ဆင်ရေး'အရ တိုက်ခိုက်မှုများကြောင့် လားရှိုး မြို့လေဆိပ် လေယာဉ်ခရီးများကို အောက်တိုဘာ ၂၇ ရက်ကစတင်ပြီး ရက်အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များက ပြောသည်။

ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု (C) မှ ကျောက်စိမ်း အသားကျောက် ၁၀၀၀ ကို မြန်မာကျပ် ငွေဖြင့် ပြည်တွင်းရတနာ ကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၉၉၉ တွဲ ရောင်းချရ ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ပါတီဝင်အင်အားများကို ဥပဒေနှင့် အညီစုဆောင်း ထူထောင်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်း သောနိုင်ငံရေးပါတီ များ ဖြစ်ပေါ်လာစေရေးအတွက် ပြောဆိုခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်၏ ဇနီး  ကြူကြူလှသည် ယမန်နေ့ ညနေပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည့် ရုပ်စုံသဘင် အဖွဲ့လိုက် ပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်နှင့်အနီးတစ်ဝိုက်၌ ၂၇-၁၀-၂၀၂၃ နံနက်ပိုင်း တွင် သောင်း ကျန်းသူများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး အရပ်သားများအား ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ထုတ်ပြန်ချက်ကို စစ်တပ်ဝါဒ ဖြန့်ချိရေး သတင်းများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၈ ရက် သုံးသပ်ချက်

အကြမ်းဖက်စစ်တပ် အားပေးနေသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း အမည်ခံထားသူများသည် သတင်းအကြောင်းအရာများကို သေချာမသိ သို့တည်းမဟုတ် စစ်တပ်မှ ဝါဒဖြန့်ချိခိုင်းသည့်အတိုင်း စစ်တပ်အကြိုက်လိုက်ပြောကာ သတင်းအမှားထုတ်ပြန်နေခြင်းသည် စာရေးဆရာဆိုသည့် ဂုဏ်ပုဒ်နှင့်မထိုက်တန်သည့် အကြမ်းဖက်အားပေးများဟု ဆိုရမည်ဖြစ်သည်။

စစ်ကောင်စီတပ်များ ရှမ်းမြောက်တခွင်တွင် ယနေ့လည်း အများအပြားသေနေသလို စခန်းများလည်း တစ်ခုပြီးတစ်ခု အသိမ်းခံနေရသော်လည်း စစ်ကောင်စီအဖွဲ့ဝင်များမှ ပွဲတော်များ ပြုလုပ်ပြီး စည်းကားနေ သယောင် ဖန်တီးနေပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required