ရခိုင်အခြေစိုက် DMG သတင်းဌာနရုံးကို ရဲနှင့် စရဖ ဝင်စီး၊ သတင်းထောက် ၁ ဦး အပါအဝင် ၂ ဦး ဖမ်းဆီးခံရ

By မဇ္ဈိမ
29 October 2023
ရခိုင်အခြေစိုက် DMG သတင်းဌာနရုံးကို ရဲနှင့် စရဖ ဝင်စီး၊ သတင်းထောက် ၁ ဦး အပါအဝင် ၂ ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာ နကို အာဏာသိမ်း စစ်ကောင်စီလက်က ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ရခိုင်အခြေစိုက် သတင်းထောက်များက မဇ္ဈိမကို အတည်ပြုသည်။

စစ်ကောင်စီလက်အောက်ခံ အင်အားမသိရသေးသော စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ရဲတပ်ဖွဲ့ဝင်များက ထိုသို့ ဝင်ရောက်စီးနင်းစဉ် ရုံးစောင့်တဦးနှင့် သတင်းထောက်တဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။

“စစ်တွေ DMG ရုံး ကို ရဲနဲ့ စရဖ ဝင်ဖမ်းတာ နှစ်ယောက် အဖမ်းခံရတယ်၊ ရုံးစောင့် တယောက်နဲ့ သတင်းထောက် တယောက် ပါသွားတယ်၊ ဒီနေ့ခင်းပိုင်းပဲ ဝင်ဖမ်းတာ" ဟု စစ်တွေအခြေစိုက် သတင်းထောက်တဦးက ပြောသည်။

သတင်းရုံးခန်း ဝင်ရောက်စီးနင်းခံရပြီး သတင်းထောက်တဦးနှင့် ရုံးစောင့်တဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း DMG ဝန်ထမ်းတဦးကလည်း မဇ္ဈိမကို အတည်ပြုသည်။

“ဝင်စီးတာ ဟုတ်ပါတယ်” ဟု DMG ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူမှာ DMG သတင်းထောက် ကိုထက်အောင်ဖြစ်ပြီး စစ်ကောင်စီ၏  ဆွမ်းဆန်စိမ်းလောင်းပွဲမှာ သတင်းယူရင်း အဖမ်းခံရခြင်း ဖြစ်ကြောင်း DMG နှင့် နီးစပ်သူတဦးက ပြောသည်။ ကျန်ဖမ်းဆီးခံရသည့် ရုံးစောင့်၏ အမည်ကို မသိရသေးပေ။

ထို့ပြင် စစ်ကောင်စီသည် DMG သတင်းဌာန၏ ရုံးခန်းကို မည်သည့်အတွက်ကြောင့် ဝင်ရောက်စီးနင်းသည်ကို လောလောဆယ်တွင် တိတိကျကျ မသိရသေးပေ။

စစ်ကောင်စီသည် သတင်းရုံးခန်းကို ဝင်ရောက်စီးနင်းပြီးနောက် ကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းသွားကာ ရုံးအဆောက်အဦးကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly