အင်းတော်တွင် CDMကျောင်းဆရာအပါဝင် ၃ဦးကို ကျွန်းထောင်ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

By ကိုခင်မောင်(မဇ္စျိမ)
28 October 2023
အင်းတော်တွင် CDMကျောင်းဆရာအပါဝင် ၃ဦးကို ကျွန်းထောင်ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊  အင်းတော်မြို့တွင် CDMကျောင်းဆရာတဦးအပါအဝင် ဒေသခံသုံးဦးကို  အင်းတော်မြို့စစ်ခုံရုံးမှ ထောင်ဒဏ်တသက်တကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း Indaw Revolution-IRအဖွဲ့ထံက သိရသည်။

အင်းတော်မြို့ စစ်ခုံရုံးမှ အောက်တိုဘာလ၂၃ရက်နေ့တွင်  အလယ်တန်းပြ ကျောင်းဆရာ ဦးဟိဏ်းမင်းသူနှင့် အင်းတော်ဒေသခံ ကိုဇော်မြင့်ထွန်း၊ မဂျုံးဂျုံးကျော်ဇင်တို့ကို  ထောင်ဒဏ်တသက်တကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ခံအားပေးသည်ဟု  စွပ်စွဲချက်ဖြင့် အင်းတော်မြို့နယ် စစ်ခုံရုံးမှ ဦးဟိဏ်းမင်းသူနှင့် ကိုဇော်မြင့်ထွန်းတို့ကို ပုဒ်မ ၅၀(ည)၊ ၅၂ (က)၊ ၅၂ (ခ)အရ ထောင်ဒဏ်တသက်တကျွန်းစီနှင့် အင်းတော်ဒေသခံ မဂျုံးဂျုံးကျော်ဇင်ကို ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။

“အားလုံးက သာမန်အရပ်သားပြည်သူတွေပါပဲ။ ကျောင်းဆရာတဦး CDM လုပ်ထားတာ ကြာပြီ။ ကျောင်းဆရာကိုတော့ အိမ်မှာ ဖမ်းမိတာ။ အမျိုးသမီးကတော့ ဂိတ်မှာ ဖုန်းထဲ ဘာတွေ့လို့လဲ မသိဘူး။ လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွားတာ လို့ကြားသိရတယ်။ ကိုဇော်မြင့်ထွန်းကိုတော့ ဘယ်ရွာမှဖြစ်ကြောင်း ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ ဘယ်အချိန်မှာ ဖမ်းဆီးခံခဲ့ရလဲဆိုတာ အခုချိန်ထိ မသိရသေးဘူးဗျ။ " ဟု Indaw Revolution-IRအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသော အသက် ၃၀နှစ်အရွယ် ဦးဟိဏ်းမင်းသူသည် အင်းတော်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊  ကျော်ရွာတွင် တာဝန်ထမ်းဆောင်သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်  အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 ဦးဟိဏ်းမင်းသူကို ပြီးခဲ့သည့် ဇွန်လ ၅ရက်နေ့တွင် အင်းတော်မြို့၊ ရေနားရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်သားတွေနှင့် ရဲများမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု Indaw Revolution-IRအဖွဲ့မှ သိရသည်။

ထို့အပြင် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံရသော မဂျုံးဂျုံးကျော်ဇင်သည် အင်းတော်မြို့ပေါ်တွင် နေထိုင်သူဖြစ်ပြီး ဩဂုတ်လ၁၁ရက်နေ့တွင် ကသာမြို့နယ်ဘက်မှ အင်းတော်သို့အပြန် အင်းတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း  Indaw Revolution-IRအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

“ဒီလူတွေကတော့  သာမန်ပြည်သူတွေပါ။ သူတို့က( အင်းတော်စစ်ခုံရုံး) အကြမ်းဖက်ပုဒ်မကြီးတွေနဲ့ တရားစွဲပြီး စစ်ခုံရုံးက ချလိုက်တာဆိုတော့ ကျနော်တို့က ဘာမှ လုပ်လို့ရမဘူး။” ဟု အင်းတော်မြို့ ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် အင်းတော်မြို့နယ်တွင်   အင်းတော်စစ်ခုံရုံးမှ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း မသီတာဝင်းနှင့် ကိုကျော်သက်တို့ကို ထောင်ဒဏ် ခုနစ်နှစ်စီ၊  ကိုဇော်မျိုးနိုင်နှင့် ကိုတင်မောင်ဝင်းတို့အား ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သေးသည်။

အင်းတော်မြို့နယ်တွင်  ထောင်ဒဏ်တသက်တကျွန်းနှင့် သေဒဏ်ချမှတ်ခံရသော ဒေသခံပြည်သူ ၁၀ဦးကျော်ရှိနေပြီဖြစ်ကြောင်း Indaw Revolution-IRအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အင်းတော်မြို့နယ်ကို စစ်ကောင်စီမှ ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်အုပ်ချုပ်ရေးကြေညာထားပြီး ထိုအချိန်မှစ၍ စစ်ကောင်စီတပ်က အင်းတော်မြို့ ဝင်ပေါက် သုံးခုတွင်  ရဲနှင့် စစ်သားများချထားကာ မြို့ထဲသို့ ဝင်ထွက်သွားလာသူများကို နေ့စဥ် စစ်ဆေးရေးတင်းကျပ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required