မိုးကုတ်တွင် TNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

By 007 (မဇ္စျိမ)
29 October 2023
မိုးကုတ်တွင် TNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်
 ပုံစာ - တိုက်ပွဲအတွင်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား PSLF/TNLA ၏ News & Information Department က မှတ်တမ်းဓာတ်ပုံနှင့်တကွဖော်ပြလာသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။
ဒေသအတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီ၏စစ်ကြောင်းတခုကို ပူးပေါင်းအဖွဲ့က လမ်းမှဖြတ် တိုက်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက်အစောကြီး ၅ နာရီလောက်ရှိဦးမယ်၊ အထက်ညောင်ကုန်းဘက်ကနေ ပစ်ခတ်သံတွေကြားရတယ်။ အခုအထိ(နံနက် ၁၀ နာရီ)ပဲ စစ်ကောင်စီတပ်ဘက်ကတော့ ထုံးစံအတိုင်း ဗျူဟာကုန်းကနေပဲ လှမ်းလှမ်း ထုနေတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံသတင်းရင်းမြစ်ကပြောသည်။
တိုက်ပွဲသတင်းသိရှိနိုင်ရန် မိုးကုတ်ဗျူဟာ PDF နှင့်အဆက်အသွယ်ရရန် မဇ္စျိမအနေဖြင့် ကြိုးပမ်းနေပြီး ဒေသခံများက နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း အတည်ပြုချက်ပေးသည်။
“အောက်တိုဘာ ၂၇ ရက်နေ့ကလည်း အဲဒီဘက်မှာ တိုက်ပွဲဖြစ်ကြသေးတယ်။ မနေ့ကတချက်ငြိမ်သွားပြီး  ဒီနေ့မနက် ထပ်ဖြစ်တာ၊ အဲဒီဘက်ကရွာတွေမှာ စစ်ကောင်စီတပ်က ဗုံးလာကြဲလိုက်၊ လက်နက်ကြီးနဲ့ထု လိုက်နဲ့ဆိုတော့ လူသူမရှိတော့တာကြာပါပြီ” ဟု ဒေသခံတဦးကဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်း ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့က လမ်းမှဖြတ်တိုက်ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားပြီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
အလားတူ TNLA နှင့် မန္တလေး PDF တို့ပူးပေါင်းပြီး ယနေ့နံနက် ၄ နာရီခန့်တွင် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင်တပ်စွဲထားသော၊ စစ်ကောင်စီ၏ ခမရ (၁၁၄)တပ်ကို သွား ရောက်တိုက်ခိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အလောင်းခြောက်လောင်း၊ သေနတ် ခုနစ်လက်၊ ၆၀ မမ မော်တာ တလက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက မှတ်တမ်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် အောက်တိုဘာလ ၂၆ ရက်မှ ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ပိုင်းအထိ TNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၈၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

စာတည်း။  ။စောဖေ

#mizzima
#မြန်မာသတင်း
#မိုးကုတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly