အင်ဒိုနီးရှား အားကစားလောကအတွက် ပုလဲနက်တို့ မွေးဖွားရာ(သို့) ပါပူအာ

အင်ဒိုနီးရှား အားကစားလောကအတွက် ပုလဲနက်တို့ မွေးဖွားရာ(သို့) ပါပူအာ

ပါပူအာဒေသဆိုတာ အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဘက်အစွန်ဆုံးမှာ ရှိတဲ့ဒေသဖြစ်ပါတယ်။ ပါပူအာနယူးဂီနီနိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဒီဒေသဟာ အင်ဒိုနီးရှားရဲ့ အလှပဆုံးနေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပေမယ့် အရိုင်းဆန်လှပြီး အဆင်းရဲဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဒေသမှာ ရှင်သန်ကြီးပြင်းသူတွေဟာ ရေမြေအနေအထားအရ ကြံ့ခိုင်သန်စွမ်းကြပါတယ်။ ဒီဒေသက ကလေးတွေဟာ ငယ်စဉ်ကတည်းက ကြမ်းတမ်းတဲ့မြေပေါ်မှာ   ဆော့ကစားကြီးပြင်းသူတွေဖြစ်လို့ သန်မာကြပါတယ်။ ဒေသက ဆင်းရဲလို့ ဘောလုံးကစားတာက သူတို့ရဲ့ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာ မနက်ကနေ ညအထိ ဘောလုံးကစားကြလေ့ရှိပါတယ်။

ရေခံမြေခံနဲ့ မျိုးရိုးဗီဇကြောင့် သန်မာကြတဲ့ အဲ့ဒီဒေသက ကလေးတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အားကစားလောကအတွက် အားထားရတဲ့ အဖိုးတန်လေးတွေဖြစ်ပါတယ်။ လက်ရှိအင်ဒိုနီးရှား အသင်းခေါင်းဆောင် ဘော့ဇ်ဆိုလော့ဆာဟာလည်း ပူပူအာဒေသသားဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ သူ့ကလပ်အသင်းအတွက် ဂိုးပေါင်း ၂၀၀ ကျော်သွင်းယူပေးထားတဲ့သူ ဖြစ်ပါတယ်။ ပါပူအာဒေသသားတွေဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အားထားရတဲ့ အားကစားသမားတွေဆိုတာကို ဆိုလော့ဆာက သက်သေပြနေပါတယ်။

ဒါ့အပြင် ဆိုလော့ဆာရဲ့ကလပ်အသင်း ပါစီပူရာ ဂျာယာပူရာ အသင်းဟာဆိုရင်လည်း အင်ဒိုနီးရှားလိဂ်မှာ ငါးကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒီကလပ်အသင်းဟာ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ကလပ်အသင်းဖြစ်ပါတယ်။

ပါပူအာဒေသကနေထွက်တဲ့ အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးသမားတွေနဲ့ အခြားအားကစားသမားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ပါပူအာဒေသမှာ အဆင့်အတန်းမီတဲ့ အားကစားကွင်းဆိုတာက ရှားပါးလွန်းလှပါတယ်။

ပါပူအာဒေသသားတွေကတော့ သူတို့မျိုးဆက်တွေဟာ အောင်မြင်တဲ့အားကစားသမားတွေဖြစ်နိုင်သူတွေလို့ယုံကြည်နေကြပြီး နိုင်ငံတော်ရဲ့အထောက်အပံ့ကို လိုချင်နေကြပါတယ်။ ဒါပေမဲ့ ဒီဒေသကို ဘယ်သူကမှ ဂရုတစိုက် မရှိခဲ့ကြတာ အခုအချိန်အထိပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required