High-five (လက်ဝါးရိုက်ခြင်း) ပြုလုပ်ကာ ဂင်းနစ်ကမ္ဘာ့ စံချိန်ချိုးမည့် အခမ်းအနားကျင်းပ

High-five (လက်ဝါးရိုက်ခြင်း) ပြုလုပ်ကာ ဂင်းနစ်ကမ္ဘာ့ စံချိန်ချိုးမည့် အခမ်းအနားကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂၅ ။                 ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လူအများဆုံး တစ်ပြိုင်နက်တည်းခုန်၍ High-five(လက်ဝါးရိုက်ခြင်း) ပြုလုပ်ကာ ဂင်းနစ် စံချိန်ချိုးမည့် အခမ်းအနားကို အလုံမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို (၉)ကြိမ်မြောက် ကမ္ဘာ့လက်ဆေးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Unilever၏ ကျန်းမာရေး ဆပ်ပြာအမှတ်တံဆိပ်ဖြစ်သော Lifebuoy မှ ကြီးမှူးကျင်းပပေးခဲ့ခြင်းဖြစ်ပြီး "Help A Child Reach 5" (ကလေးအသက်ငါးနှစ်ပြည့်ဖို့ တို့တွေကူညီစို့) လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ထိုအခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် လူ ၈၆၄ ယောက်နှင့် လုပ်ဆောင်ခဲ့သော GUINNESS WORLD RECORDS (ဂင်းနစ်စံချိန်)ကို ချိုးနိုင်ရန် ထိုအခမ်းအနားတွင် ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၀၀၀ က အတွဲ ၅၀၀ ခွဲကာ တစ်ပြိုင်တည်း လေထဲတွင် ခုန်ပြီး High 5 လုပ်ခဲ့ကြသည်။

မျက်မြင်သက်သေနှစ်ယောက်၊ အချိန်သတ်မှတ်သူ နှစ်ယောက်နှင့် အားကစားနှင့် သိပ္ပံ(ရန်ကုန်)မှ နည်းပြ ၂၂ ယောက် တို့က စီစဉ်ကြီးကြပ်ပြီး အမှန်တကယ် ဂင်းနစ်စံချိန်ချိုးသော အချိန်တဒင်္ဂကို မျက်မြင်သက်သေ ပြုပေးခဲ့ကြသည်။

" ကလေးတွေ အနေနဲ့  ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်တာဟာ ဂင်းနစ်စံချိန်ချိုးဖို့အတွက်ပဲ မဟုတ်ဘဲ ကျန်းမာရေး အတွက် လက်ဆေးခြင်း အလေ့အထကို သိရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့   ပြုလုပ်ခြင်း ဖြစ်ပါတယ် "ဟု ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက ဆိုသည်။

 ဂင်းနစ်စံချိန် မှတ်တမ်းရလဒ်နှင့် ပက်သက်၍ Unilever Myanmar ၏ Personal Care Manager Jonathan Pua က " တစ်ပတ်အတွင်း အခမ်းအနားနဲ့ ပက်သက်တဲ့ မှတ်တမ်းတွေ အကုန်လုံးကို ဂင်းနစ်ကိုပို့မယ်၊ ဟိုဘက်ကနေ တစ်ပတ်လောက် အတွင်းမှာ အကြောင်းပြန်မယ်လို့ မျှော်လင့်တယ် ၊နှစ်ပတ်လောက် အတွင်းမှာတော့ စံချိန်ချိုး ဖြစ်၊မချိုးဖြစ်ကို သိရမှာပါ" ဟုဆိုသည်။

Lifebuoy သည် Public Private Patnership for Handwashing (PPPHW)နှင့်ပူးပေါင်းကာ လက်ကို သန့်ရှင်း စင်ကြယ်စွာဆေးကြောခြင်းက အရေးကြီးကြောင်း လူမှုကူညီရေးသော့ချက်တစ်ခုအဖြစ် ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့လက်ဆေးနေ့ ကို စတင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required