ဘုရားသုံးဆူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

By YT(မဇ္ဈိမ)
07 December 2023
ဘုရားသုံးဆူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး
ပုံအညွှန်း- သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ဦးမြတ်ကျော် (ဓါတ်ပုံ- CJ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်းတဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကံ့ကော်(၄) လမ်း နေ အသက် ၆၅ နှစ်အရွယ် ဦးမြတ်ကျော်သည် ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ  နေအိမ်၌ ရှိနေစဉ် အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။

“သူက အုပ်ချုပ်ရေးဘက်ကမဟုတ်တော့ဘူး၊ နားထားတာ ကြာပြီ။ အခုပုံစံအရ ပြောရမယ်ဆို ဒလန်ပေါ့။ ဘယ်သူပစ်သွားလဲတော့မသိဘူး။ လူကတော့ သေသွားတယ်" ဟု ဘုရားသုံးဆူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမြတ်ကျော်သည် အခင်းဖြစ်ပွားရာနေရာ၌သေဆုံးခဲ့ပြီး ၎င်း၏ဇနီး ဖြစ်သူ မှာ ညာဘက်ပေါင်တွင် ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကြောင်း သိရသည်။

ဦးမြတ်ကျော်သည် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများနှင့် သွားလာစား သောက်လေ့ရှိသူဖြစ်ကြောင်း ဒေသခံများကပြောသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေး ချေ။

“ဘယ်သူတွေလာပစ်လဲတော့မသိဘူးဗျ။ သူက အရင်တုန်းက အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးတယ်။ ရပ်ကွက် (၃) မှာပဲ။ အခုတော့ မလုပ်တော့ပါဘူး ဒါပေမယ့် စကစနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာတို့ အတူ သွားလာ တာတို့ လုပ်တာတော့ တွေ့ဖူးတယ်” ဟု ဒေသခံတဦးက ဆိုသည်။

ဦးမြတ်ကျော်နှင့်ဇနီးဖြစ်သူ ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ဘုရားသုံးဆူမြို့အတွင်းလှုပ်ရှားနေသည့် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များထံ မဇ္ဈိမမှ ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ကော့ကရိတ်အခြေစိုက် ခလရ(၉၇)မှ ဒုတပ်ရင်းမှူးအေးချမ်း သည် ဘုရားသုံးဆူမြို့ရှိ ဆံပင်ညှပ်ဆိုင်တဆိုင်တွင်ရှိနေစဉ် စနိုက်ပါဖြင့်ပစ်ခတ်ခံရပြီး နေရာ၌ပင် သေဆုံး ခဲ့သည်။

စာတည်း။  ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly