မြို့သိမ်းတိုက်ပွဲဖြစ်လာမည်ကိုစိုး၍ စစ်ကောင်စီက မြဝတီတွင် စစ်အင်အားတိုးချဲ့

By YT(မဇ္ဈိမ)
12 November 2023
မြို့သိမ်းတိုက်ပွဲဖြစ်လာမည်ကိုစိုး၍ စစ်ကောင်စီက မြဝတီတွင် စစ်အင်အားတိုးချဲ့
ပုံအညွှန်း- အာရှလမ်းမကြီးပေါ်ရှိ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့မြင်ကွင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ အင်အားတိုးချဲ့မှုများ ပြုလုပ်နေပြီး မြို့ပေါ်တွင်ပါ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

KNU ၊ PDF များက ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးမှတဆင့် မြဝတီမြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ မည်ဟူသောယူဆချက်ကြောင့် သင်္ကန်းညီနောင်မြို့သစ်နှင့် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများအား စစ်ကောင်စီက BGF အသွင်ယူကာ လက်နက်၊ ခဲယမ်း၊ စစ်အင်အား တိုးချဲ့ဖြည့်တင်းနေ ခြင်းဖြစ်သည်။

“သင်္ကန်းညီနောင်ဗျူဟာနဲ့ ရဲစခန်း၊ သင်္ကန်းညီနောင်ကုန်သွယ်ရေးဇုန်ထဲကတပ်၊ ပြီးတော့ မြဝတီ ရပ် ကွက်(၄)က အစိုးရရုံးတွေနဲ့ ရဲစခန်းပေါ့။ အဲ့ဒီနေရာတွေကို စစ်ကောင်စီကအင်အားတိုးတာပေါ့၊ ဒါတောင် သူတို့က သူတို့ဝတ်စုံ မဝတ်ရဲဘူး။ BGF ဝတ်စုံတွေနဲ့ပဲ အင်အားဖြည့်ကြတာ။ အဓိကကတော့ ဒီဘက်က သွားသိမ်းမယ်ထင်လို့ပေါ့။ ဒါပေမယ့် ပွဲဖြစ်တာတော့ မရှိသေးဘူး” ဟု စစ်ကောင်စီနှင့်နီးစပ်သည့် မြဝတီ ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်နှင့် မြဝတီမြို့ပေါ် ရပ်ကွက်လမ်းဆုံများတွင် လည်း စစ်ကောင်စီနှင့် BGF က ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အမှတ်(၁)တံတားနားမှာ ရဲတွေရော၊ စကစတွေရော၊ BGF တွေရော တော်တော်ခြေရှုပ်နေတယ်။ အဲဒီ နေရာတင်မကဘူး မြို့ထဲက လမ်းဆုံတွေရောပေါ့။ အင်အား ၃၀ လောက်နဲ့စောင့်တယ်။ စကစတပ်က သုံးပွင့်နဲ့ တကောင်စီတော့ အမြဲပါတယ်။ အကြီးပိုင်းတယောက်နဲ့ စကစနဲ့ BGF တွေနဲ့ပေါင်းစစ်တာပေါ့။ စစ်တာက ဘယ်အဖွဲ့အစည်းကလဲ၊ ဘယ်ကနေလာလဲ၊ Tool Box ဖွင့်ပြ၊ နောက်ဖုံးဖွင့်ပြ အဲ့ဒီလိုတွေလုပ် တယ်။ ကော့ကရိတ်ဘက်ကနေလာတဲ့သူတွေကိုဆို မင်းတို့ အာရှလမ်းပေါ်မှာ ဘယ်သူတွေကိုတွေ့ခဲ့လဲ PDF တွေတွေ့လား အဲဒီလိုတွေမေးတယ်၊ မင်္သကာရင်တော့လည်း အရစ်ခံရတာပေါ့” ဟု မြဝတီမြို့ပေါ် တွင် နေထိုင်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

မြဝတီမြို့ခံတဦးကလည်း စစ်ကောင်စီတပ်၏ စစ်အင်အားတိုးချဲ့ထားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားလာ မည်ကို စိုးရိမ်နေရကြောင်း ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့အထိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ် စခန်း၊ ရဲစခန်းများ၊ အစိုးရရုံးများသည် တော်လှန်ရေးအင်အားစုများ၏ မြေပြင်မှတိုက်ခိုက်ခြင်းသာမက ဒရုန်းဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရပြီး သိမ်းပိုက်၊ ဖျက်ဆီးခံရသည့် ရုံးအဆောက်အဦးများ၊ စခန်းများလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတွင်လည်း ကရင်ပြည်နယ်နှင့် ဆက်စပ်နေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ် ခွကျေးရွာ တံတားထိပ်ရှိ စစ်ကောင်စီဂိတ်၊ ချောင်းနှစ်ခွရဲစခန်း၊ တပ်စခန်းတို့အား တော်လှန်ရေးအင်အား စုပူးပေါင်းတပ်ဖွဲ့များက မြေမြင်မှလည်းကောင်း၊ ဒရုန်းဖြင့်လည်းကောင်း တိုက်ခိုက်နေသည်မှာ သုံးရက် ရှိပြီဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly