မြန်မာစစ်ရှောင်များကူညီရေး ဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲအနိုင်ရပါတီဆို

By ပါခွီး(မဇ္စျိမ)
07 December 2023
မြန်မာစစ်ရှောင်များကူညီရေး ဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲအနိုင်ရပါတီဆို
ပုံအညွှန်း - မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲ အနိုင်ရပါတီခေါင်းဆောင် Lalduhawma ဓါတ်ပုံ - AIR (Aizawl) 17m

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော Zoram People’s Movement (ZPM) ပါတီခေါင်းဆောင်လားလ်သုအောမ်မာက မီဇိုယမ်ရောက် မြန်မာစစ်ဘေးရှောင်များအား အကူအညီပေးရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၆ရက်နေ့တွင်ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံကဝင်ရောက်လာတဲ့ သွေးချင်းညီအကိုများအတွက် ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်နိုင်ဖို့ ဗဟိုအစိုးရပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန များတွေ့ဆုံဆွေးနွေးသွားမယ်” ဟု လားလ်သုအောမ်မာ (Lalduhawma) က ဒေသတွင်းသတင်းဌာနများကို ပြောသည်။

အိန္ဒိယမှ မြန်မာန်ိုင်ငံအပေါ်ထားရှိသောပေါ်လစီများအပါအဝင် မြန်မာစစ်ဘေးရှောင်များအရေးများကိုဗဟိုအစိုးရတာဝန်ရှိသူများနှင့် တယ်လီဖုန်းမှတဆင့် ‌ဆွေးနွေးခဲ့ကြောင်းနှင့် နယူးဒေလီမြို့သို့ သွားရောက်ဆွေးနွေးပြီး အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လားလ်သုအောမ်မာ၏ ပြောကြားချက်ကို  Zonet TV သတင်းဌာနက ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ရက်နေ့က ကျင်းပခဲ့ရာ မဲဆန္ဒနယ် ၄၀တွင် ZPM ပါတီက ၂၇နေရာ အနိုင်ရရှိခဲ့သည်။လားလ်သုအောမ်မာသည် ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရဖွဲ့နိုင်ရန် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အစိုးရအသစ်ပြောင်းသွားမယ်ဆိုတော့ အပြောင်းအလဲများဖြစ်မလားဆိုပြီး စိုးရိမ်ကြတဲ့သူတွေရှိပါတယ်။ အခုအနိုင်ရတဲ့ပါတီက အတိုက်အခံတုန်းကလည်း လွှတ်တော်မှာ မြန်မာစစ်ဘေးရှောင်အရေးပြောဆိုတာတွေရှိတော့ ကြီးမားတဲ့ပြောင်းလဲမှုတော့ ရှိမယ်မထင်ဘူး” ဟု မြန်မာစစ်ဘေးရှောင်တဦးက ပြောသည်။

အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီကျင့်သုံးသောနိုင်ငံဖြစ်သောကြောင့် မီဇိုရမ်ပြည်နယ်မှ မြန်မာစစ်ဘေးရှောင်များအရေးကို အကူအညီပေးနေသည့်အဖွဲ့အစည်းများ၏ ဆန္ဒကို အစိုးရအနေဖြင့် ဆန့်ကျင်လုပ်ဆောင်မည်မထင်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊  လွှတ်တော်ကိုယ်စားလှယ်များ ၊ CDMများနှင့် ပြည်သူများအပါအဝင် မြန်မာနိုင်ငံသား၊  ၅၀,၀၀၀ကျော်သည် မီဇိုယမ်ပြည်နယ်၌ ခိုလှုံနေရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required