Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် စစ်ကောင်စီတပ် ကော့ကရိတ်မြို့ကို ဗုံးကြဲတိုက်ခိုက်နေ

By သွင်ထူးဈာန်(ကော်သူးလေ)
02 December 2023
Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် စစ်ကောင်စီတပ် ကော့ကရိတ်မြို့ကို ဗုံးကြဲတိုက်ခိုက်နေ

ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က Y-12 သယ်ယူပို့ဆောင်ရေး လေယာဉ်ကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးရဲဘော်များထံက သိရသည်။

“တိုက်ပွဲစဖြစ်တဲ့ နေ့ကစပြီး လေကြောင်းပစ်ကူလာတယ်။ တိုက်လေယာဉ်ကော ရဟတ်ယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တယ် ။အခုထူးဆန်းတာက ပို့ဆောင်ရေးလေယာဉ်လိုမျိုးတွေနဲ့ကို သူတို့က အပေါ်က တံခါးဖွင့်ပြီး ဗုံးသီးတွေပစ်ချနေတာ တခါကြဲရင် ငါးလုံးလောက်ကြဲတယ် ။ ကျနော်တို့က ပထမ UAV ဒရုန်းနဲ့ ကျဲတယ်ထင်နေတာ နောက်မှ သေချာကြည့်မှ Y-12 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ ဖြစ်နေတယ်” ဟု ရှေ့တန်းရောက်ရှိနေသည့် တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ၁ရက်မှ စတင်ကာ မြဝတီ-ကော့ကရိတ်အာရှလမ်းမနှင့် သင်္ဃန်းညီနောင်၊ကော့ကရိတ်၊ကမိုင်ကုန်း၊ကော့နွဲ့တို့ရှိ စစ်ကောင်စီတပ်ရင်းများ၊ ရဲစခန်းများနှင့် စစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်နေကြောင်း သိရသည်။

 “Y8 Y12တို့လို နောက်တံခါးရှိတဲ့ လေယာဉ်မျိုးနဲ့ဆို ဗုံးကြဲလို့ရတယ် မော်တာကျည်တွေလို ၆၀မမ ၈၁ မမ ၁၂၀မမတို့ နောက်ပြီး K8တို့လို လေယာဉ်တို့မှာ သုံးတဲ့ ၈၀ဗုံးသီးတို့ကို သုံးလို့ရတယ်”ဟု လေတပ်CDM ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

၁၉၈၀ခုနှစ်ဝန်းကျင်က ဗမာပြည်ကွန်နစ်ပါတီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင် PC6 လေယာဉ်အမျိုးစားကို အသုံးပြုကာ ဗုံးသီးများကြဲခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်းလည်း သိရသည်။

“သူတို့က တိုက်လေယာဉ်တွေကို သုံးရတာက ပိုပြီး ဈေးကြီးတယ်။  နောက်ပြီး ဆက်တိုက်အသုံးပြုလာရတဲ့အချိန်မှာ ဆီအရကော လက်နက်ခဲယမ်းအရကော တွက်ခြေမကိုက်တော့ဘူး။  တနိုင်ငံလုံး တိုက်ပွဲဖြစ်လာတဲ့ အခြေနေအရကော အခက်ခဲအများကြီး ကြုံလာရတယ်ထင်တယ် ။ တိတိကျကျမဟုတ်တဲ့ ခုနကပြောတဲ့ အပေါ်ကပစ်ချတဲ့  Y-12လိုမျိုး အပေါ်က ပစ်ပေးတယ်ဆိုတာ အောက်ကသူတွေ ကျေနပ်လောက်အောင်လုပ်ပေးနေတာ တကယ်က ထိရောက်တဲ့အရာမဟုတ်ဘူး။  ပေ၅၀၀၀လောက်ကနေ လူရဲ့လက် ဒါမှမဟုတ် ကြိုးနဲ့ ပစ်ချတာမျိုးပေါ့ ပစ်ချရတာဆိုတော့ လေတိုက်နှုန်းတွေနဲ့ ဘာတွေနဲ့ နောက်ပြီး ဗုံးကြဲလေယာဉ်မျိုးမဟုတ်ဘဲနဲ့ သူကတော့ ကောင်းသူထိပ် မကောင်းသူထိပ်ပဲ ။ဘယ်သူ့ကို မဆိုထိသွားနိုင်တာပေါ့”ဟု လေတပ်CDM ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

ကော့ရိတ်ခရိုင်အတွင်းရှိ ဖန်းခါးကုန်း၊နန်းရွှေမှုံ၊နောင်နိုင်း၊မိကသစ်ကျေးရွာအပါအဝင် နေရာအနှံ့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး သံဃာ တပါးအပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲကြောင့် ကော့ကရိတ်ခရိုင်တွင် အရပ်သား ၁၀,၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးနေကြရကာ အချို့ကျေးရွာများတွင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် အရပ်သားများ ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စာတည်း။       ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly